close

အပူပိုင်းမုန်တိုင်း

close

May 8, 2023

ထိုင်းမြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတွင် အပူပိုင်းမုန်တိုင်းဝင်ရောက်နိုင်ဟု ခန့်မှန်း

ထိုင်းနိုင်ငံမှာ ခုရက်ပိုင်းအတွင်း အပူချိန်တွေ မြင့်တက်နေပြီး  မိုးသက်လေပြင်းတွေနဲ့ အပူပိုင်းမုန်တိုင်း ကျရောက်နိုင်တဲ့ အခြေအနေရှိတယ်လို့  ထိုင်းနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒဌာနက ခန်းမှန်းထုတ်ပြန်ထားပါတယ်။

ဒီမနက် ၆ နာရီ ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံက လေဖိအားနည်းရပ်ဝန်းဟာ ထိုင်းအရှေ့မြောက်နဲ့ တောင်တရုတ်ပင်လယ်ပြင်ဘက် ရွေ့လျားလာကြောင်း၊ ထိုင်းပင်လယ်ကွေ့နဲ့ တောင်တရုတ် ပင်လယ်ပြင်က အစိုဓာတ်တွေသယ်လာပြီး တောင်ဘက်နဲ့ အရှေ့တောင်ဘက် လေပြင်းတွေနဲ့အတူ ထိုင်းနိုင်ငံအထက်ပိုင်းကို ပျံ့နှံ့နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ 

ဒါကြောင့် ဒီကနေ့ မေလ ၈ ရက်မှ ၁၀ ရက်နေ့အတွင်း ထိုင်းနိုင်ငံမြောက်ပိုင်းနဲ့ အရှေ့မြောက် ပိုင်းဒေသတွေမှာ အပူပိုင်းမုန်တိုင်းဝင်ပြီး မိုးသက်လေပြင်းကျရောက်တာ၊ မိုးသီးကြွေ ၊ လျှပ်စီးလျှပ် မိုးကြိုးပစ်တာတွေ ဖြစ်နိုင်တယ်လို့  ဆိုပါတယ်။ 

အဆိုပါဒေသတွေမှာ ထိုင်းမြောက်ပိုင်း မယ်ဟောင်ဆောင်၊ ချင်းမိုင်၊ ချင်းရိုင်း၊ လမ်းပွန်း၊ လမ်းပန်း၊ ဖယောဝ်း၊ နန့်၊ ဖရဲ့ ၊ ဥဒရာဒစ်၊ ဆုခိုထိုင်း၊ တာ့ခ်၊ ကမ်ဖိုင်ဖစ်၊ ဗိစနုလုတ်၊ ဖိကျစ်နဲ့ ဖစ်ချ်ဘွန်း။ ထိုင်းအရှေ့မြောက်ပိုင်း လွေး၊ နောင်ခိုင်၊ ဘင်ကန်၊ နောင်ဘိုလမ်းဖူး၊ ဥဒွန်းဌာနီ၊ ဆကွန်းနခွန်း၊ နခွန်းဖနုန်၊ ချိုင်းယဖုမ်း၊ ခွန်ကဲန်၊ ကားလားဆင်၊ မုတ်တာဟန်၊ မဟာဆာရခမ်း၊ လွဲ့အစ်၊ ယဆိုထွဏ်း၊ အမ်းနတ်ကျရွန်း၊ နခွန်းရာ့ချ်ဆီမား၊ ဘူရီရမ် ၊ ဆူရင်း၊ ဆီစကစ်၊ ဿဘွန်းရာ့ချ်ဌာနီ။  ထိုင်းအလယ်ပိုင်း နခွန်းဆဝမ်၊ ဥထိုင်းဌာနီ၊ ချိုင်းယနတ်၊ ကန်ကျနပူရီ၊ ရာ့ချ်ပူရီ၊ ဆုဖန်းပူရီ၊ လုပ်ပူရီ၊ ဆရပူရီ၊ ဆင်ပူရီ၊ အန်ထောင်း၊ အယုဒ္ဓယ၊ ဆမွတ်ဆုန်ခမ်း ၊ စမွတ်စခွန်း၊ နခွန်းပထုန်နဲ့ ဘန်ကောက်အနီးတဝိုက်ဧရိယာ၊ ထိုင်းအရှေ့ပိုင်း နခွန်းနားယုဒ်၊ ပရာကျင်းပူရီ၊ ဆာကယောက်၊ ချချိန်းဆောင်း၊ ချွန်းပူးရီး ၊ လယောင်း ၊ ကျန်ထပူရီ နဲ့ တရတ် စတဲ့ခရိုင်တွေပါဝင်ပါတယ်။ 

ဒါကြောင့် အဆိုပါဒေသနေပြည်သူတွေအနေနဲ့ ဟင်းလင်းပြင်နေရာတွေ၊ သစ်ပင်ကြီးတွေ၊ ခိုင်ခံ့မှုမရှိတဲ့ အဆောက်အဦနဲ့ ဆိုင်းဘုတ်ကြီးတွေအနီးကနေ ရှောင်ကြဉ်ဖို့ ၊ မိုးခြိမ်းပြီး လျှပ်စီးလျှပ်နေတဲ့ အချိန်မျိုးမှာ တယ်လီဖုံးနဲ့ သံသတ္တု ကဲ့သို့လျှပ်စစ်ဝင်လွယ်တဲ့ ပစ္စည်းတွေ အသုံးပြုမှုရှောင်ကြည်ဖို့ သတိပေးထားပါတယ်။

မေလ ၈ ရက်မှ ၁၄ ရက်အတွင်း ဘင်္ဂလားပင်လယ်အော် အောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နေကြောင်း၊ အပူပိုင်းဆိုင်ကလုံးမုန်တိုင်းငယ်အဖြစ် အားကောင်းလာနိုင်ပြီး ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း ၊ ကပ္ပလီပင်လယ်ပြင်အထက်ပိုင်းနဲ့ မြန်မာ့ကမ်းရိုးတမ်းဘက်ရောက်ရှိနိုင်တယ်လို့ ဆိုပါတယ်။

အဲဒီအခြေအနေအရ ထိုင်းနိုင်ငံအနောက်ပိုင်းနဲ့ နေရာအတော်များများမှာ မိုးတွေအဆက်မပြတ်ရွာသွန်းနိုင်ကြောင်း၊ ကပ္ပလီပင်လယ်ပြင်မှာ လှိုင်းတွေ အမြင့် ၁ မီတာမှ ၂ မီတာထိ တက်လာနိုင်လို့ လှေငယ်တွေအနေနဲ့  ကမ်းစပ်က မထွက်ခွာကြဖို့ သတိပေးထားပါတယ်။ 

Ref:CMMET/ PPTV

10 mins Ago

March 15, 2023

မာလာဝီနိုင်ငံတွင် အားပြင်းအပူပိုင်းမုန်တိုင်းကြောင့် သေဆုံးသူ ၁၉၀ ထိမြင့်တက်

တောင်ကမ္ဘာခြမ်းကို တိုက်ခတ်ဖူးသမျှထဲမှာ အားအပြင်းဆုံး မုန်တိုင်းတခုဖြစ်တဲ့ အပူပိုင်းမုန်တိုင်း ဖရက်ဒ်ဒီဟာ အာဖရိကတောင်ပိုင်းကို တလအတွင်း ဒုတိယအကြိမ် ဝင်ရောက်တိုက်ခတ်ပြီးနောက်မှာ မာလာဝီနိုင်ငံမှာ လူ ၁၉၀ သေဆုံးခဲ့ကြောင်း မာလာဝီရဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အေဂျင်စီက မတ်လ ၁၄ ရက်မှာ ပြောပါတယ်။

မာလာဝီမှာ သေဆုံးနှုန်းဟာ မတ်လ ၁၃ ရက်က ၉၉ ဦး အစီရင်ခံ တင်ပြထားရာကနေ သေဆုံးသူ ၁၉၀ အထိ ခုန်တက်သွားခဲ့တာပါ။

စီးပွားရေးအချက်အချာကျတဲ့ ဘလန့်တိုင်းယားမြို့တော်ဟာ အဆိုးရွားဆုံး ထိခိုက်မှုရှိတဲ့ နယ်မြေ ဖြစ်ခဲ့ရပြီး ပြင်းထန်တဲ့ ရေကြီးရေလျှံမှုတွေနဲ့ မိုးရွာသွန်းမှုကြောင့် လမ်းတွေ၊ တံတားတွေ ကျိုးပျက်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို အဟန့်အတား ဖြစ်စေခဲ့ပါတယ်။

ဖရက်ဒ်ဒီမုန်တိုင်းဟာ ပြီးခဲ့တဲ့သီတင်းပတ်ကုန်က ကုန်းတွင်းပိုင်းကို ဒုတိယအကြိမ် ဝင်ရောက်ခဲ့ပြီးနောက်မှာ မိုဇမ်ဘစ်နိုင်ငံမှာ အပျက်အစီးလမ်းကြောင်း ကျန်ခဲ့တာပါ။

ကွင်းန် အဲလိဇဘက်သ် ဆေးရုံရဲ့ ရင်ခွဲရုံမှာလည်း အလောင်းတွေ ပြည့်လျှံနေပြီး မိသားစုတွေကလည်း သူတို့ရဲ့ဆွေမျိုးသားချင်းတွေကို ခွဲခြားဖော်ထုတ်ဖို့ မိုးသည်းထန်စွာ ရွာသွန်းမှုအောက်မှာ တန်းစီစောင့်ဆိုင်းနေကြပါတယ်။

မာလာဝီနိုင်ငံရဲ့ သမိုင်းတလျှောက် လူအသေအပျောက်အများဆုံး ကာလဝမ်းရောဂါ ဖြစ်ပွားမှုကို တိုက်ဖျက်နေပြီး အခုအခါ အခြေအနေ ပိုဆိုးရွားလာနိုင်ကြောင်း ကုလသမဂ္ဂအေဂျင်စီတွေက သတိပေးထားပါတယ်။

2 months Ago
Up