ဩစတြေးလျနိုင်ငံ အရှေ့ပိုင်းမှာ ၂ နှစ်အတွင်း မကြာခဏ မိုးကြီးရေလျှံပြီးတဲ့နောက် ဆိုးရွားပြင်းထန်တဲ့ အမြင့်ဆုံးအပူလှိုင်းတွေ ဆစ်ဒနီနဲ့ ဒေသအတော်များများကို လွှမ်းခြုံနေတဲ့အတွက် တောမီးလောင်မယ့်ဘေးတွေ တိုးလာနေတယ်လို့ အရာရှိတွေက မတ်လ ၇ ရက်မှာ သတိပေးလိုက်ပါတယ်။
ပြည်နယ်မြို့တော် ဆစ်ဒနီတည်ရှိရာ ဩစတြေးလျရဲ့ လူနေအသိပ်သည်းဆုံးပြည်နယ်ဖြစ်တဲ့ နယူးဆောက်သ်ဝေးပြည်နယ် နေရာစုစုပေါင်း ၃၃ နေရာမှာ တောမီးလောင်နေပြီး ၁၂ နေရာကိုတော့ မထိန်းချုပ်နိုင်သေးပါဘူး။
အများပိုင်ကျောင်း ၅ ကျောင်းကို ပိတ်ထားရပြီး ပြည်နယ်ရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းတွေ တလွှားမှာ မီးရှို့တာကို လုံးဝ တားမြစ်ပိတ်ပင်ထားပါတယ်။
ညတွင်းချင်းမှာ တောမီး ၂ ခုကို အရေးပေါ်သတိပေးချက်ကနေ အဆင့်လျှော့ချနိုင်ခဲ့ပေမဲ့ နောက်တကြိမ် ထပ်ပြီး မီးလောင်နိုင်သေးတယ်လို့ အရာရှိတွေက ပြောပါတယ်။
မတ် ၇ ရက်က အပူချိန်ဟာ ၃၀ ဒီဂရီ ဆဲလ်စီးယပ်စ်ထိ ရောက်မယ်လို့ ခန့်မှန်းထားပေမဲ့ အခြေအေနတွေက မတ်လ ၇ ရက် နောက်ပိုင်းမှာ ပြေလျော့သွားဖို့ မျှော်လင့်ထားပါတယ်။
ပူလောင်ခြောက်သွေ့တဲ့ရာသီမှာ လေပြင်းတွေ တိုက်ခတ်နေလို့ မီးဘေးအန္တရာယ် အဆင့်မြင့်သွားနိုင်တယ်လို့ မိုးလေဝသဗျူရိုက ပြောထားပါတယ်။
စပိန်နိုင်ငံအလယ်ပိုင်း၊ အယ်လ်ဘာဆေတေဒေသမှာ သြဂုတ် ၃၀ ရက်က မီးသတ်တပ်ဖွဲ့တွေဟာ ရဟတ်ယာဉ်တွေသုံးပြီး တောမီးတွေကို ငြှိမ်းသတ်ခဲ့ကြပါတယ်။
မီးလောင်ကျွမ်းမှုကို အမြန်ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဒေသဆိုင်ရာတာဝန်ရှိသူ ဟိုဆေး လူးဝစ် အက်စ်ကူဒေရိုက ပြောပါတယ်။
ရာသီဥတုပြောင်းလဲမှုကြောင့် အိုင်ဘေးရီးယားကျွန်းဆွယ်ရဲ့ အစိတ်အပိုင်းတွေဟာ နှစ်ပေါင်း ၁,၂၀၀ အတွင်း အခြောက်သွေ့ဆုံးအဖြစ် ကျန်ရစ်ခဲ့တယ်လို့ သဘာဝဘူမိသိပ္ပံဂျာနယ်မှာ ပြီးခဲ့တဲ့လက ထုတ်ပြန်ခဲ့တဲ့ လေ့လာမှုတခုက ဖော်ပြထားပါတယ်။
စပိန်နိုင်ငံမှာ အခုနွေရာသီ ပုံမှန်မဟုတ်တဲ့ ရှည်လျားတဲ့ အပူလှိုင်းသုံးကြိမ် ခံစားခဲ့ရပြီး ကျယ်ကျယ်ပြန့်ပြန့် တောမီးလောင်ခဲ့ပါတယ်။