close

အပြင်းအထန်ပစ်ခတ်

close

December 25, 2021

လေးကေ့ကော်ဒေသကို စစ်ကောင်စီတပ်က ဝေဟင်၊ မြေပြင်မှ အပြင်းအထန်ပစ်ခတ်တိုက်ခိုက်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်ဒေသမှာ ဒီဇင်ဘာ ၂၅ ရက် မွန်းလွဲ ၁  နာရီခွဲလောက်က စစ်ကောင်စီရဲ့တပ်တွေက မြေပြင်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေအပြင် လေကြောင်းကနေပါ ထပ်မံလာရောက်တိုက်ခိုက်ခဲ့တယ်လို့  လေးကေ့ကော်စခန်းတာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီရဲ့တပ်ဘက်က ဖလူးကြီး၊ မယ်ဝါးခီးကျေးရွာနဲ့ လေးကေ့ကော်မြို့သစ် အမှတ် ၆ ရပ်ကွက်ဘက်ကို လက်နက်ကြီးတွေနဲ့ အချက်ပေါင်း ၅၀ ထက်မနည်း ပစ်ခတ်ခဲ့ပြီးနောက် လေယာဉ် ၃ စီးနဲ့ ထပ်မံ လာရောက်  ပစ်ခတ်ခဲ့တာပါ။

လေးကေ့ကော်မြို့သစ် စစ်ရှောင်စခန်းတာဝန်ရှိသူက “ မြေပြင်ကလည်း ပစ်နေတယ်။ နေ့လယ်လောက်မှာ  လေယာဉ် ၃ စီးနဲ့ ထပ်ပြီးလာပစ်သွားတယ်။ ထိခိုက်ပျက်စီးတဲ့ အခြေအနေတွေတော့ မသိရသေးဘူး”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေရဲ့ မြေပြင်၊ ဝေဟင် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူတွေ ထိခိုက်ဒဏ်ရာရရှိတာနဲ့ နေအိမ်ပျက်စီးတာတွေရှိတယ်လို့ မြေပြင်သတင်းတွေအရ သိရှိရပါတယ်။

စစ်ကောင်စီတပ်ရဲ့  လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းကို RPG ကျည် ကျရောက်ခဲ့တဲ့အတွက် နေအိမ်တစ်လုံး ထိမှန်ပျက်စီးခဲ့ရာ ထိုင်းနိုင်ငံရဲတပ်ဖွဲ့နဲ့ နယ်စပ်လုံခြုံရေးစစ်တပ်က တာဝန်ရှိသူတွေက သွားရောက်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ 

လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကို ခရစ္စမတ်ကာလဖြစ်တဲ့   ဒီဇင်ဘာ ၂၀ ရက်က တစ်ကြိမ် ၊ ၂၃ ရက် ည ၁၀ နာရီလောက်က တစ်ကြိမ်၊  ၂၄ ရက် ညနေ ၄ နာရီလောက်က တစ်ကြိမ် စုစုပေါင်း ၃ ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး  ဒီကနေ့  ထပ်မံလာရောက် တိုက်ခိုက်ခဲ့တာပါ။ 

နှစ်ဖက်တိုက်ပွဲပြင်းထန်နေတဲ့ ကရင်ပြည်နယ်မှာ လေကြောင်းပျံသန်းမှုကင်းမဲ့ဇုန် သတ်မှတ်ပေးဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာကို  ကေအန်ယူက ကြေညာချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။

လေးကေ့ကော်ကို ကျူးကျော်ဝင်ရောက်လာတဲ့ စစ်ကောင်စီရဲ့တပ်နဲ့  KNLA ပူးပေါင်းတပ်ဖွဲ့တို့ ဒီဇင်ဘာ ၁၅ ရက်နေ့ကစတင်ပြီး နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် ဒေသခံပြည်သူ ၅၀၀၀ ကျော်ဟာ ထိုင်းနိုင်ငံဘက်ကို  ထွက်ပြေးခိုလှုံနေကြရပါတယ်။

12 hours Ago
Up