နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီက စွဲဆိုထားတဲ့ ရွေးကောက်ပွဲအမှုကို ဇူလိုင် ၈ ရက်နေ့က နေပြည်တော်အချုပ်ထောင်ရှိ အထူးတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။
ဒီနေ့ရုံးချိန်းမှာ တရားလိုဘက်က အမှုနဲ့ပတ်သက်တဲ့ ကျူးလွန်ခဲ့တာတွေအား တရားရုံးကို တင်ပြခဲ့ပြီး သမ္မတ ဦး၀င်းမြင့်ကလည်း သူ့အနေနဲ့ ကျူးလွန်တာတွေ၊ ညွှန်ကြားတာတွေ မရှိကြောင်းကို အထောက်အထားတွေနဲ့ ပြန်ချေပခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အနိုင်ရရှိခဲ့ပေမယ့် စစ်တပ်ကအာဏာသိမ်းခဲ့ပြီး နိုင်ငံတော်သမ္မတ ဦး၀င်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦးမင်းသူတို့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပေါ်မှာ မလျော်သြဇာလွှမ်းမိုးခဲ့တယ်လို့ စွပ်စွဲကာ ရာဇတ်ကြီးပုဒ်မ ၁၃၀ (က) နဲ့ တရားစွဲဆိုထားတာပါ။
ဒီအမှုနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့အပတ်ရုံးချိန်းမှာ မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် (Case Management Program) ပြုလုပ်ခဲ့ပြီး သမ္မတဦး၀င်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦးမင်းသူတို့ကို အစဉ်အတိုင်း စစ်ဆေးသွားမှာဖြစ်ပါတယ်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်တို့ သုံးဦးအပေါ် စစ်ကောင်စီအကြမ်းဖက်အဖွဲ့က စွဲဆိုထားတဲ့ ပုဒ်မ ၅၀၅ (ခ) အမှုကို စွဲချက်တင်ဖို့ စက်တင်ဘာ ၂၁ ရက် ဒီနေ့ ရုံးချိန်းမှာ အမိန့်ချလိုက်ပါတယ်။
ဖမ်းဆီးခံနိုင်ငံ့ခေါင်းဆောင်တွေရဲ့ ရှေ့နေ ဒေါ်မင်းမင်းစိုးက “ စွဲချက်တင်တဲ့အတွက်ကြောင့် ကျမတို့ဘက်က ပြန်ခေါ်သက်သေနှစ်ဦးရှိပါတယ်ဆိုတဲ့အကြောင်းကို လျှောက်ထားတဲ့အခါမှာ နောက်ရုံးချိန်းမှာ ပြန်ခေါ်သက်သေတွေကို စစ်မှာပါ ” လို့ ပြောပါတယ်။
အခုလို ပုဒ်မ ၅၀၅(ခ)နဲ့ စွဲချက်တင်ခံရတဲ့အပေါ် နိုင်ငံ့ခေါင်းဆောင်တွေက သူတို့မှာ အပြစ်မရှိကြောင် တရားရုံးမှာ ထွက်ဆိုခဲ့တယ်လို့လည်း သိရပါတယ်။
“အမှုနဲ့ပတ်သက်လို့ကတော့ အပြစ်မရှိဘူးဆိုတဲ့အကြောင်းကို ပြောတယ်။ ဒီအမှုနဲ့ပတ်သက်လို့ စွဲချက်တင်တယ်။ အပြစ်ရှိလား မရှိဘူးလား မေးတော့။ မရှိပါဘူးဆိုတဲ့အကြောင်း ပြောတယ်။ သုံးဦးစလုံးက အပြစ်မရှိဘူးလို့ ထွက်ဆိုခဲ့ပါတယ်” လို့ ရှေ့နေ ဒေါ်မင်းမင်းစိုးက ဆိုပါတယ်။
နောက်ထပ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ အမှုတစ်ခုအတွက်လည်း တရားလိုပြသက်သေတစ်ဦးကို စစ်ဆေးခဲ့ပြီး ကျန်တဲ့ တရားလိုပြသက်သေနှစ်ဦး စစ်ဆေးဖို့ကို နောက်ရုံးချိန်းမှာ ဆက်လက်စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။
နိုင်ငံ့ခေါင်းဆောင်သုံးဦးစလုံးရဲ့ ကျန်းမာရေးကောင်းမွန်သလို ထူးထူးခြားခြား မှတ်ချက်ပေး ပြောဆို အမှာစကားပါးလိုက်တာမရှိဘူးလို့လည်း သူတို့ရဲ့ ရှေ့နေက ပြောပါတယ်။