ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမြေနေရာနဲ့ ပတ်သက်ပြီး စစ်ကောင်စီက စွပ်စွဲထားတဲ့ အဂတိအမှုအတွက် အပြစ်မရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က တရားရုံးမှာ ကိုယ်တိုင်ထွက်ဆိုလိုက်ပါတယ်။
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမြေနေရာနဲ့ ပတ်သက်တဲ့အဂတိအမှု ရာကြီးအမှတ် ၄ အမှုအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်နဲ့ နေပြည်တော်ဒုမြို့တော်ဝန်ဦးရဲမင်းဦးတို့ကို ဇူလိုင် ၅ ရက် ဒီကနေ့ နေပြည်တော်အချုပ်ထောင်တွင်း တရားရုံးမှာဆက်လက်စစ်ဆေးခဲ့ရာမှာ အဂတိလိုက်စားထား မရှိတဲ့အတွက် သူ့မှာအပြစ်မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ထွက်ဆိုခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေကပြောပါတယ်။
“၄/၂၀၂၂ အမှုကိုစစ်ပါတယ်။ အတိုင်ပင်ခံ စစ်ပြီးသွားပါပြီ။ ဒေါက်တာမျိုးအောင်စစ်ပြီးသွားပါပြီ။ ဦးရဲမင်းဦးကိုစစ်ပါတယ်။ ဦးရဲမင်းဦးကို စစ်ဖို့ကျန်ပါသေးတယ်။ အတိုင်ပင်ခံက အပြစ်မရှိကြောင်း ထွက်ဆိုပါတယ်” လို့ တရားရုံးနဲ့နီးစပ်သူက ပြောပါတယ်။
ဇွန် ၂၉ ရက်ကလည်း စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိအမှုတွေကို နေပြည်တော်အချုပ်ထောင်တွင်း တရားရုံးမှာ စစ်ဆေးခဲ့ပြီး ညနေပိုင်းမှာ ဒေါ်ဆောင်ဆန်းစုကြည်၊ ဒေါက်တာမျိုးအောင်နဲ့ အစိုးရအဖွဲ့ရုံးဝန်ကြီး ဦးမင်းသူတို့ကိုယ်တိုင် အပြစ်မရှိကြောင်း ထွက်ဆိုခဲ့ကြပါတယ်။
၂၀၂၂ ဇွန်လအထိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွဲဆိုခဲ့တဲ့အမှု ၂၀ အထိရှိခဲ့ပြီး အဲ့ဒီအထဲက ၆ မှုအတွက် ထောင်ဒဏ် ၁၁ နှစ်ချမှတ်ထားပါတယ်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ ရွေးကောက်ပွဲအမှုကို ဇွန်လ ၃ ရက်နေ့က ဆက်လက်ရုံးထုတ်စစ်ဆေးရာမှာ စွဲချက်တင်ဖို့ အမိန့်ချလိုက်ပြီး စွပ်စွဲခံရသူတွေဘက်က အပြစ်မရှိဘူးလို့ ငြင်းဆိုခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။
ဒီအမှုနဲ့ပတ်သက်လို့ အစက စွဲချက်အမိန့်ချရင် CMP လုပ်မယ်လို့ ဆိုထားပေမယ့် CMP မလုပ်တော့ပဲ တရားလို အပါအဝင် သုံးယောက်ကို ပြန်ခေါ်သက်သေတင်ခဲ့တယ်လည်း ပြောပါတယ်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ နိုင်ငံတော်သမ္မတ ဦး၀င်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦးမင်းသူတို့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပေါ်မှာ မလျော်သြဇာလွှမ်းမိုးခဲ့တဲ့ဆိုပြီး ရာဇတ်ကြီးပုဒ်မ ၁၃၀-က နဲ့ စွဲဆိုထားတဲ့ အမှုဖြစ်ပါတယ်။
၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲမှာ ဒေါ်ဆောင်ဆန်းစုကြည် ဦးဆောင်တဲ့ အန်အယ်လ်ဒီ ပါတီကအပြတ်အသတ်အနိုင်ရရှိခဲ့ပြီး စစ်တပ် ထောက်ခံတဲ့ ကြံ့ခိုင်ရေးပါတီရှုံးနိမ့်သွားပြီးနောက် မဲစာရင်းမှားယွင်းမှု စွပ်စွဲချက်နဲ့ စစ်တပ်က အာဏာသိမ်းခဲ့တာဖြစ်ပါတယ်။