စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်တဲ့ မြန်မာ့နွေဦးတော်လှန်ရေး ၂ နှစ်ကျော် ကာလအတွင်း အကြမ်းဖက်စစ်တပ်က အပြစ်မဲ့ပြည်သူ ၃,၄၄၇ ယောက်ကို သတ်ဖြတ်ခဲ့ပြီး အဲဒီထဲမှာ ကလေးသူငယ် အယောက် ၃၆၀ ကျော်နဲ့ ၁၀ ဒသမ ၅ ရာခိုင်နှုန်းထိ ပါဝင်နေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ပြောပါတယ်။
အကြမ်းဖက်စစ်အုပ်စု အာဏာသိမ်းပြီးချိန်ကတည်းကနေ အခုနှစ် ဧပြီ ၃၀ ရက်အထိ အေအေပီပီကနေ ကောက်ယူမှတ်တမ်းတင်ထားတဲ့ အဖမ်းအဆီးနဲ့ သေဆုံးအချက်အလက်တွေ ထုတ်ပြန်ချက်မှာ ဖော်ပြလိုက်တာဖြစ်ပြီး ကျဆုံးပြည်သူတွေထဲ စစ်ကိုင်းတိုင်းက အယောက် ၁,၅၀၀ ကျော်နဲ့ အများဆုံး ပါဝင်နေတာပါ။ အဲဒီနောက်မှာတော့ မန္တလေး၊ ရန်ကုန်နဲ့ မကွေးတိုင်းတွေက ကျဆုံးပြည်သူဦးရေ အများဆုံးရှိနေတယ်လို့ ဆိုပါတယ်။
အဆိုပါ ကျဆုံးပြည်သူ စုစုပေါင်းထဲမှာ ဖမ်းဆီးခံရပြီးနောက် သတ်ဖြတ်ခံရတဲ့ ရာခိုင်နှုန်းကတော့ ၁,၁၆၃ ယောက်နဲ့ ၃၄ ရာခိုင်နှုန်းထိ ရှိခဲ့တာပါ။
ဒါ့အပြင် တော်လှန်ရေး ၂ နှစ်ကျော် ကာလအတွင်း စုစုပေါင်း ပြည်သူ ၂၁,၆၃၂ ယောက်ထိ ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲက ၁၇,၇၂၆ ယောက်ကတော့ လက်ရှိအချိန်ထိတိုင်အောင် ဖမ်းဆီးထိန်းသိမ်းခံနေရဆဲဖြစ်တယ်လို့ အေအေပီပီက ပြောပါတယ်။
အဆိုပါ ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသမီးဦးရေ ၂၀ ဒသမ ၁ ရာခိုင်နှုန်းထိ ပါဝင်နေပြီး ကလေးသူငယ်ဦးရေကတော့ ၂ ဒသမ ၈ ရာခိုင်နှုန်းထိ ပါဝင်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုရဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ ဗုံးကြဲမှုတွေ အပါအဝင် စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ နှိပ်စက်မှုတွေ၊ လိင်အကြမ်းဖက်မှုတွေလည်း တိုးပွားလာနေပြီး ကာလရှည်ကြာလာတဲ့ ပဋိပက္ခကြောင့် မြန်မာပြည်သူ ၁ ဒသမ ၈ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။
လတ်တလောမှာတော့ ပြည်သူလူထုတရပ်လုံးရဲ့ ပြတ်သားတဲ့ စိတ်ပိုင်းဖြတ်မှု၊ စွန့်လွှတ်စွန့်စားမှု၊ ရဲစွမ်းသတ္တိနဲ့ တစိုက်မတ်မတ် ကြိုးစားအားထုတ်မှုတွေကို အရင်းတည်ပြီး တော်လှန်ရေးအုတ်မြစ်ဟာ အခြေခိုင်ခဲ့ကာ လက်ရှိအချိန်မှာ ဘယ်သူကမှ ဖြိုလှဲဖျက်ဆီးပစ်လို့ မရနိုင်တဲ့ ခိုင်မာအားကောင်းမှုတခုနဲ့ ရှေ့ဆက်နေပြီဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီရဲ့ တရားမဝင် အတုအယောင်ရွေးကောက်ပွဲ အပါအဝင် တခြားသော ခြေလှမ်းတိုင်း၊ လုပ်ရပ်တိုင်းဟာ ပြည်သူ့အချုပ်အခြာအာဏာကို မတရားရယူဖို့ ကြိုးစားတဲ့ အာဏာဖီဆန်မှုမြောက်တဲ့ ဥပဒေချိုးဖောက်မှုတွေသာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရတရပ်ဖြစ်တဲ့ NUG အစိုးရအနေနဲ့ အဆိုပါ ဥပဒေချိုးဖောက်မှုတွေမှာ တာဝန်ရှိသူတွေအားလုံးကို တရားဥပဒေရှေ့မှောက်ကို ပို့ဆောင်ပြီး ထိခိုက်နစ်နာခဲ့ရသူ အားလုံးအတွက် တရားမျှတမှုကို ရယူပေးနိုင်ဖို့လည်း ကြိုးစားသွားမယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တည်ပင်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲဝင်တွေက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက်နေ့က အင်အားသုံး စစ်ကြောင်းထိုးဝင်ရောက်လာပြီး အပြစ်မဲ့ပြည်သူ ၆ ယောက် ထက်မနည်း သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
အဲ့ဒီကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး အင်အား ၄၀ ဝန်းကျင်နဲ့ ဝင်ရောက်လာတဲ့အတွက် ဒေသခံပြည်သူ ၂၀၀၀ လောက်က ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
ဒါပေမဲ့ ကျေးရွာထဲမှာတော့ ဒေသခံ ၂၀ ဝန်းကျင်က ပိတ်မိနေခဲ့ပြီး အဲဒီထဲက ဒေသခံ ၆ ဦးရဲ့ အလောင်းကိုတော့ ပြန်လည်ကောက်ယူရရှိခဲ့တယ်လို့ တိုက်နယ်(၄) ပ.က.ဖ စစ်ရေးတာဝန်ခံ ဗိုလ်ကျားက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီကျေးရွာမှာ အိမ်ခြေ ၅၀၀ ကျော်ရှိတဲ့အထဲ နေအိမ် ၄၀၀ လောက် မီးရှို့ဖျက်ဆီးခံလိုက်ရကာ တိုက်ပွဲတွေကတော့ ဒီဇင်ဘာလ ၃၀ ရက် နေ့လယ်အထိ ဖြစ်ပွားနေဆဲလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ဆိုပါတယ်။
လက်ရှိအချိန်ထိလည်း စစ်ကောင်စီတပ်ဖွဲ့တွေက ကျေးရွာထဲမှာ ဆက်လက်တပ်စွဲထားပြီး အနီးနားဝန်းကျင်တွေကို ပစ်ခတ်နေတဲ့အတွက် ရွာသားတွေ ကျေးရွာထဲကို ပြန်လည် မဝင်ရောက်နိုင်သေးဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး ၂၁ လအတွင်း လက်နက်ကိုင် ပဋိပက္ခနဲ့ တိုက်ပွဲဖြစ်စဉ်တွေကြောင့် နိုင်ငံတဝန်းက မြို့နယ် ၈၁ ခုမှာ ဘာသာရေး အဆောက်အအုံတွေ အပါအဝင် နေအိမ်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရကာ အဲဒီထဲက စစ်ကိုင်းတိုင်းထဲက ရွှေဘိုမြို့နယ်ကတော့ အများဆုံးမီးရှို့ခံရတယ်လို့ ISP Myanmar က နိုဝင်ဘာလ ၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။