လီဗာပူးအသင်းနည်းပြ ယာဂန်ကလော့ပ်ဟာ ဘရိုက်တန်ကွင်းလယ်လူ အယ်လစ္စတာနဲ့ အပြောင်း အရွှေ့ကိစ္စမေးမြန်းမှုအပေါ် ငြင်းဆန်သွားခြင်းမရှိခဲ့ပါဘူး။
ဘရန့်ဖို့ဒ်နဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်ခင်သတင်းစာရှင်းလင်းပွဲမှာ အယ်လစ္စတာနဲ့ ပတ်သက်ပြီး သတင်းထောက်တစ်ဦးက နည်းပြကလော့ပ်ကိုမေးမြန်းခဲ့တာပါ။
ကလော့ပ်ဘက်ကတော့ အပြောင်းအရွှေ့အမှန်တကယ်ဖြစ်လာပြီးဆိုရင် ပထမဆုံးသိရမှာက သတင်းထောက်တွေဖြစ်ကြောင်းနဲ့ အဲဒီမတိုင်ခင်မှာတော့ တစ်စုံတစ်ရာ ပြောပြနိုင်စွမ်းမရှိကြောင်း ပြန်လည်ဖြေကြားခဲ့တာပါ။
ကွင်းလယ်လူ ဂျိမ်းမီလ်နာနဲ့ ပတ်သက်ပြီး ဖြေကြားရာမှာတော့ မီလ်နာဟာ အသင်းရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အတူတကွဆက်ပြီးလက်တွဲသွားချင်ပေမဲ့ ကစားသမားရဲ့ ဆုံးဖြတ်ချက်က အဓိကျကြောင်း ကလော့ပ်က ပြောပါတယ်။
ပြီးခဲ့တဲ့ ၇နှစ်ခွဲကာလအတွင်းက အောင်မြင်မှုတွေဟာ မီလ်နာမပါဘဲနဲ့ ရယူနိုင်မှာမဟုတ်ကြောင်း ကလော့ပ်က ချီးကျူးစကားဆိုသွားခဲ့ပါတယ်။
အပြောင်းအရွှေ့ကိစ္စ ဆွေးနွေးမှုတွေရှိကြောင်း ဘရိုက်တန်ကွင်းလယ်လူ မက်အယ်လစ်ဆာက ဝန်ခံ အတည်ပြုသွားပါတယ်။
အာဂျင်တီးနားကွင်းလယ်လူဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားမှာ ချန်ပီယံဖြစ်ခဲ့ ပြီးနောက် ထိပ်တန်းအသင်းအတော်များများက သူ့ကို ခေါ်ယူဖို့ ကမ်းလှမ်းမှုတွေရှိခဲ့တာပါ။
ပြီးခဲ့တဲ့ဇန်နဝါရီ အပြောင်းအရွှေ့မှာကတည်းက ကမ်းလှမ်းမှုတွေလက်ခံရရှိခဲ့လို့ အသင်းနဲ့ ဆွေးနွေးမှုတွေလုပ်ဆောင်ခဲ့ပြီး ခြေစွမ်းတိုးတက်ဖို့ပဲ အာရုံစိုက်ကြိုးပမ်းခဲ့ကြောင်း အယ်လစ်ဆာကပြောပါတယ်။
ဒါပေမဲ့ အသင်းနဲ့သူ့အတွက် ကောင်းမွန်တဲ့ ကမ်းလှမ်းချက်ရရှိမယ်ဆိုရင်တော့ နှစ်ဖက်စလုံးရဲ့အကျိုး အတွက် ဆွေးနွေး ညှိနိူင်းသွားမှာဖြစ်တယ်လို့ အယ်လစ်ဆာက ပြောပါတယ်။
“အပြောင်းအရွှေ့ ကိစ္စတွေရှိခဲ့ပေမဲ့ တည်တည်ငြိမ်ငြိမ်နဲ့ပဲ ဘောလုံးအပေါ်အာရုံစိုက်ခဲ့ပါတယ်။ ဘရိုက်တန်အသင်းကိုလည်း အများကြီး လေးစားမှုရှိပါတယ်။ လာမယ့်နွေရာသီမှာတော့ အသင်းနဲ့ ကျနော့်အတွက် ကောင်းမွန်တဲ့ ကမ်းလှမ်းချက်ရရှိလာမယ်ဆိုရင် အသင်းနဲ့ ဆွေးနွေးသွားမှာပါ။ အဲဒီလို မဖြစ်ခဲ့ရင်လည်း ဒီအသင်းမှာ ပျော်ရွှင်စွာ ဆက်ပြီးကစားသွားမှာပါ” လို့ အယ်လစ်ဆာကပြောပါတယ်။
အယ်လစ်ဆာကိုခေါ်ယူဖို့ ပရီးမီးယားလိဂ် ထိပ်တန်းအသင်းတွေအားလုံးက စိတ်ဝင်စားနေ ကြပါတယ်။