close

အမည်စာရင်းတင်

close

February 26, 2022

အမေရိကန်တရားရုံးချုပ် တရားသူကြီးနေရာအတွက် ကက်တန်ဂျီ ဘရောင်းဂျက်ဆင်ကို အမည်စာရင်းတင်

သမ္မတဂျိုးဘိုင်ဒင်က အမေရိကန်တရားရုံးချုပ် တရားသူကြီးလစ်လပ်နေရာအတွက် လူမည်း တရားသူကြီး မစ္စကက်တန်ဂျီ ဘရောင်း ဂျက်ဆင်ကို အမည်စာရင်း တင်သွင်းခဲ့ပါတယ်။

ဘိုင်ဒင်က “ကျနော်တို့ တရားရုံးတွေဟာ အမေရိကနဲ့မတူတာ အတော်ကြာလှပြီ။ အခု  နိုင်ငံအတွက် ကိုယ်စွမ်းကိုစရှိ ပညာပြည့်ဝ တရားမျှတမှုလိုလားတဲ့ တရားသူကြီးတွေနဲ့ ဂုဏ်သိက္ခာရှိတဲ့တရားရုံးဖြစ်ဖို့ အချိန်ကျပါပြီ” လို့ ပြောပါတယ်။ 

ဂျက်ဆင်က သူ့မွေးနေ့ရက်မှာ ဖက်ဒရယ်ပြည်ထောင်စုတရားရုံးရဲ့ ပထမဆုံး လူမည်းအမျိုးသမီး တရားသူကြီးအဖြစ် သမ္မတက ရွေးချယ်တာကို ဝမ်းသာဂုဏ်ယူကြောင်း ပြောပါတယ်။

ဆီးနိတ်က အတည်ပြုခဲ့ရင် အခြေခံဥပဒေနဲ့ တရားဥပေဒစိုးမိုးမှုတို့ကို ရှေ့တန်းတင်ပြီး အမေရိကန် အနာဂတ် မျိုးဆက်တွေ အားကျလောက်အောင် ပေးဆပ်စွမ်းဆောင်ချင်ကြောင်း ဂျက်ဆင်က ပြောပါတယ်။   

အမေရိကန်ဖက်ဒရယ်တရားရုံးတော်မှာ လက်ရှိ တရားသူကြီး ၉ ပါးထိုင်ပြီး ၃ ဦးက အမျိုးသမီးတွေပါ။ 

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ လစ်ဘရယ် တရားသူကြီး စတီဖင် ဘရေယာ အနားယူသွားခဲ့လို့ သူ့နေရာ လစ်လပ်နေတာပါ။ 

ဆီးနိတ်က အတည်ပြုခဲ့ရင် အသက် ၅၁ နှစ်ရှိ ဂျက်ဆင်ဟာ တရားရုံးတော်သမိုင်းမှာ ၆ ဦးမြောက် အမျိုးသမီးတရားသူကြီးနဲ့ ပထမဆုံး လူမည်းအမျိုးသမီး ဖြစ်လာမှာပါ။

ဂျက်ဆင်က မီယာမီမြို့မှာ ကြီးပြင်းခဲ့ပြီး ဟားဗတ်ဥပဒေကျောင်း တက်ခဲ့တာပါ။ မနှစ်က ဒီဇင်ဘာမှာ သမ္မတဟောင်း ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်မှတ်တမ်းတွေကို  လွှတ်တော်အဆောက်အဦ တိုက်ခိုက်ခံရမှုနဲ့ပတ်သက်တဲ့ လွှတ်တော်စစ်ဆေးရေးအဖွဲ့ထံ လွှဲပြောင်းပေးဖို့ ငြင်းဆန်တာကို ဆုံးဖြတ်ရတဲ့ တရားသူကြီး ၃ ပါးမှာ ဂျက်ဆင် ပါဝင်ခဲ့ပါတယ်။

7 mins Ago

August 9, 2020

မွန်ပြည်နယ်တွင် ကိုယ်စားလှယ်လောင်း ၃၀၀ ကျော် အမည်စာရင်းတင်၊ ၃ ဦး ပြန်ရုပ်သိမ်း

မွန်ပြည်နယ်မှာ တသီးပုဂ္ဂလ ကိုယ်စားလှယ်အပါအဝင် ပါတီ ၁၃ ခုက ကိုယ်စားလှယ်လောင်း ၃၀၆ ဦး အမည်စာရင်း တင်သွင်းထားပြီး အဲဒီထဲမှာ ကိုယ်စားလှယ်လောင်း ၃ ဦး လျှောက်လွှာ ပြန်ရုပ်သိမ်းသွားပါတယ်။ လာမယ့် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်း လျှောက်လွှာတွေကို ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်နေ့ကနေ သြဂုတ် ၇ ရက်နေ့အထိ သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတွေမှာ လက်ခံခဲ့ပါတယ်။ ကိုယ်စားလှယ်လောင်း အမည်စာရင်း လျှောက်ထားမှုအရ ပြည်သူ့လွှတ်တော် ၆၅ ဦး၊ အမျိုးသားလွှတ်တော် ၇၉ ဦး၊ ပြည်နယ်လွှတ်တော် ၁၃၈ ဦး၊ တိုင်းရင်းသားရေးရာ ကိုယ်စားလှယ် ၂၄ ဦး၊ စုစုပေါင်း ၃၀၆ ဦး အမည်စာရင်း တင်သွင်းခဲ့တာပါ။ အဲဒီထဲမှာတော့ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းသူ ၃ ဦးက ကိုယ်စားလှယ်လောင်း စိစစ်မယ့် နေ့ရက် မတိုင်မီ လျှောက်လွှာပြန်လည်ရုပ်သိမ်းသွားတယ်လို့ မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ့ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က ပြောပါတယ်။ ကိုယ်စားလှယ်လောင်း လျှောက်လွှာ အမည်စာရင်း တင်သွင်းရာမှာတော့ ပြည်နယ်အတွင်း ရုံးစိုက်တဲ့ ပါတီ ၁၂ ခုအပြင် တခြားပြည်နယ်တွေ ရုံးစိုက်တဲ့ ပါတီတွေနဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တွေလည်း ပါဝင်နေပါတယ်။ နိုင်ငံရေးပါတီတွေရဲ့ ကိုယ်စားလှယ်လောင်း ရွေးချယ်မှုနဲ့ လုပ်ငန်းစဉ် အကောင်အထည်ဖော်မှုကို မယုံကြည်လို့ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရတာလို့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဦးအောင်နိုင်ဝင်းက ပြောပါတယ်။ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းထားသူတွေကို လာမယ့် သြဂုတ် ၁၁ ရက်နေ့ကနေ ၁၇ ရက်နေ့အတွင်း အရည်အချင်း သတ်မှတ်ချက်တွေကို ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတွေက ပြန်လည် စိစစ်သွားဖို့ ရှိနေပါတယ်။ မွန်ပြည်နယ်မှာတော့ ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတုန်းက ကိုယ်စားလှယ်လောင်း လျှောက်လွှာတင်သူ ၂၇၉ ဦး ရှိခဲ့ပါတယ်။  ဇော်လွင်ထွဋ်
2 years Ago
Up