close

အမည်မသိသေနတ်သမားများ

close

December 28, 2021

နမ့်ခမ်းမြို့တွင် အိမ်ဆိုင်တဆိုင်ကို အမည်မသိသေနတ်သမားများက ဝင်ရောက်ပစ်ခတ် (ရုပ်သံ)

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့မှာ ဒီဇင်ဘာ ၂၇ ရက် ညနေပိုင်းက အမည်မသိသေနတ်သမားတွေက အိမ်ဆိုင်တဆိုင်ထဲ ဝင်ရောက်ပစ်ခတ်ခဲ့ရာမှာ  အသက်  ၁၃ နှစ်သား‌လေး ၁ ဦးအပါအဝင် လူငယ် ၂ ဦးထိမှန်ကာ ၁ ဦး သေဆုံးသွားခဲ့ပါတယ်။

နမ့်ခမ်းမြို့ အောင်မေတ္တာရပ်ကွက် နမ့်ခမ်း- မိုင်းဝီးသွားကားလမ်းဘေးက  ဓာတ်မြေဩဇာအရောင်းဆိုင်ဖွင့်ထားတဲ့ ဦးအိုက်နွံတို့အိမ်မှာ မနေ့ ညနေ ၃ နာရီ ကျော်လောက်က လက်နက်ကိုင်လူတစ်စု ဝင်ရောက်လာပြီး အိမ်ထဲကလူတွေကို ပစ်ခတ်သလို အိမ်ကိုလည်း ဓာတ်ဆီလောင်းမီးရှို့မလို့ လုပ်ခဲ့တယ်လို့ နမ့်ခမ်းဒေသခံ တစ်ဦး က ဒီဗွီဘီကို ပြောပါတယ်။ 

“သူတို့က အဖြူရောင်ဆလွန်းကားနဲ့ လာတယ်တဲ့၊ အိမ်ရှေ့မှကားရပ်ပြီး သေနတ်ကိုင်ထားတဲ့လူ ၅ ယောက်လောက်ဆင်းလာတယ်။ ပြီးတော့ အိမ်ထဲကိုသေနတ်နဲ့ ပစ်တာ၊ ၁၀ ချက်လောက် ရှိမယ်ထင်တယ်။ အိမ်ထဲမှာ ဂိမ်းဆော့နေတဲ့ လူငယ် ၂ ယောက်ကိုထိတာ။ တယောက်က ညာဘက်နံကြားထိပြီး ပွဲချင်းပြီးသေတယ်။ သူက အသက် ၁၉ နှစ်လောက်ရှိမယ်ထင်တယ်၊ နောက်တယောက်က ၁၃ နှစ်သားလေး၊ သူက ခေါင်းနဲ့ လည်ပင်းကိုထိတယ်၊ ဒဏ်ရာပြင်းတယ်၊ အခုဆေးရုံမှာပါ။ လူဆိုးတွေက သူတို့အိမ်ကိုလည်း ဓာတ်ဆီနဲ့ပက်ပြီး မီးခြစ်လိုက်တယ်၊ ကံကောင်းလို့ အိမ်မီးမလောင်ဘူး။”

အခင်းဖြစ်ချိန် အိမ်ပိုင်ရှင် ဦးအိုက်နွံမှာ အိမ်မှာမရှိဘဲ သေနတ်ပစ်ခံရသူတွေလည်း အဲဒီအိမ်ကို အမြဲလာလည်လေ့ရှိသူတွေလို့  ဆိုပါတယ်။

သေနတ်သမားတွေဟာ ရွှေငွေပစ္စည်းတွေ ဘာမှယူဆောင်သွားခြင်းမရှိတာကြောင့် ဓားပြ မဟုတ်ဘဲ တမင်သက်သက် လူသတ် မီးရှို့ချင်လို့ လာတာဖြစ်နိုင်ကြောင်း၊ ဘာရန်ငြိုးရန်စတွေ ရှိလဲတော့ မသိဘူးလို့ ဆိုပါတယ်။ 

နမ့်ခမ်းမြို့မှာ ပြီးခဲ့တဲ့နိုဝင်ဘာလက ကုန်းသာရပ်ကွက်ထဲက အမျိုးသမီး ၁ ဦး သူ့ရဲ့အိမ်အနီးမှာ ပစ်ခတ်ခံခဲ့ရပြီး  ဒီလထဲမှာ ပေါက်နေရပ်ကွက် ပင်လုံထိပ်ထား ဟိုတယ်ရှေ့မှာလည်း ဆိုင်ကယ်ကယ်ရီသမား ၁ ယောက် သေနတ်ပစ်ခံခဲ့ရပါတယ်။ 

မြို့နယ်ထဲမှာ ပစ်ခတ်မှု၊ လူဖမ်းမှုတွေ မကြာမကြာဖြစ်တတ်လို့ ပြည်သူတွေကြား လုံခြုံရေးကင်းမဲ့နေကြောင်း၊ နမ့်ခမ်းမြို့နယ်ထဲမှာ ပြည်သူ့ရဲတပ်ဖွဲ့၊ မြန်မာစစ်တပ်တို့အပြင်၊ TNLA ပလောင်တပ်၊ SSPP ရှမ်းတပ်၊ KIA ကချင်တပ်အပြင် ပြည်သူ့စစ် စတဲ့ လက်နက်ကိုင်အဖွဲ့တွေ အများကြီးရှိပေမဲ့ ဘယ်အဖွဲ့ကို အားကိုးရမှန်း မသိကြောင်းနဲ့  ဆက်ကြေးအခွန်တွေတော့ အပြိုင်အဆိုင်ကောက်ကြတယ်လို့ နမ့်ခမ်းဒေသခံက ပြောပါတယ်။

Video : သျှမ်းသံတော်ဆင့်

4 mins Ago
Up