တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ထဲက နေရပ်မပြန်နိုင်ကြတဲ့ စစ်ဘေးရှောင် ပြည်သူတွေ စားရေးသောက်ရေး အခက်အခဲတွေ ရှိလာပြီး နေထိုင်ဖို့ အမိုးအကာတွေ လိုအပ်နေကြတယ်လို့ နွေဦးမေတ္တာ စစ်ဘေးရှောင်ကူညီပံ့ပိုးရေးအဖွဲ့ကနေ သိရပါတယ်။
တနင်္သာရီမြို့နယ်အတွင်း ရက်ရှည်တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ စစ်ဘေးရှောင်ပြည်သူတွေမှာ တိုက်ပွဲထပ်မံဖြစ်ပွားနေပြီး စစ်ကောင်စီက နောက်ထပ် စစ်ကြောင်းထိုး ဝင်ရောက်လာနိုင်တဲ့အတွက် နေရပ်ပြန်လာဖို့ ခက်ခဲနေကြတယ်လို့ ပြောပါတယ်။
နွေဦးမေတ္တာ စစ်ရှောင်ကူညီပံ့ပိုးရေးအဖွဲ့ရဲ့ တာဝန်ရှိသူတဦးက “လက်ရှိ တိုက်ပွဲတွေကြောင့် နေရပ်မပြန်ရဲကြသေးတာနဲ့ စစ်ကြောင်းထိုးလာနိုင်သေးလို့ စစ်ရှောင်တွေ နေရပ်မပြန်ရဲကြတာပါ။ နေရပ်မပြန်နိုင်ကြတဲ့ စစ်ရှောင်ပြည်သူတွေမှာ တိုက်ပွဲကြောင့် ရက်ရှည် တိမ်းရှောင်နေရတဲ့အပြင် စစ်ရှောင်ဦးရေ တိုးပွားလာတဲ့အတွက် အစားအသောက်၊ ဆေးဝါးနဲ့ နေထိုင်ဖို့ အမိုးအကာ လိုအပ်ချက်တွေ ရှိလာတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် စစ်ဘေးရှောင်ပြည်သူတွေမှာ သောက်သုံးရေ လိုအပ်မှုတွေရှိလာပြီး ရေလောင်းအိမ်သာတွေပါ လိုအပ်ချက်တွေရှိနေပါတယ်။
စစ်ဘေးရှောင်ကူညီပေးနေသူတဦးက “စားသောက်ဖို့က တပတ်ဖြစ်ဖြစ်၊ သုံးရက်ဖြစ်ဖြစ် ရိက္ခာပေးပို့နေရတဲ့အတွက် ရိက္ခာပိုလိုအပ်လာတယ်။ အမိုးအကာတွေကတော့ ယာယီအမိုး လုပ်ထားရတာတွေရှိတယ်။ အချိန်တခုကြာရင်တော့ ခက်ခဲလာနိုင်တယ်။ ရမ်းဖို၊ ကြိမ်ချောင်းတို့ဘက်ကလည်း စစ်ရှောင်များကြတော့ ရေရှည်မှာ ခက်ခဲကြတာပေါ့” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့တိုက်ပွဲအတွင်း သိန်ခွန်းရွာ၊ သဲဖြူရွာ၊ ချောင်းနစ်ပေါက်ရွာ၊ ကြိမ်ချောင်းရွာ၊ ရမ်းဖိုရွာ၊ ကမ်းတိုရွာ၊ ညောင်ပင်ကုန်းရွာ၊ ဘန်းလမွတ်ရွာ၊ ပဝနဲ့ သာရဖုံရွာတွေကနေ ထွက်ပြေးတိမ်းရှောင်လာနေကြတဲ့ စစ်ရှောင်ဦးရေ ၁၀,၀၀၀ ကျော်အထိ ရှိနေပါတယ်။
အဆိုပါ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ဘေးရှောင်ပြည်သူတွေထဲက လက်လှမ်းမီတဲ့ ပြည်သူတွေကို စစ်ရှောင်ကူညီရေးအဖွဲ့ကနေ စာရင်းအတိအကျပြုလုပ်ကာ ကူညီဆောင်ရွက်ပေးနေပြီး ဥယျာဉ်ခြံနဲ့ တခြားနေရာဒေသတချို့မှာ တိမ်းရှောင်နေကြသူတွေ အများအပြား ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။
တနင်္သာရီမြို့နယ်မှာ ပြီးခဲ့တဲ့ မတ် ၂၈ ရက်ကနေ ဧပြီလ ဒုတိယပတ်အထိ ရက်ရှည်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
တနင်္သာရီမြို့နယ်ထဲက စစ်ဘေးရှောင်ပြည်သူတွေကို ကူညီချင်တဲ့ အလှူရှင်တွေအနေနဲ့လည်း နွေဦးမေတ္တာ စစ်ရှောင်ကူညီပံ့ပိုးရေးအဖွဲ့နဲ့ တွဲလက်ညီညီ စစ်ရှောင်ကူညီရေးအဖွဲ့တို့ထံကို လာရောက်ဆက်သွယ် လှူဒါန်းနိုင်တယ်လို့လည်း အသိပေး မေတ္တာရပ်ခံထားပါတယ်။
စစ်ဘေးရှောင်ကလေးတွေကို စာသင်ပေးနေတဲ့ ရှမ်းပြည်နယ် မိုးဗြဲမြို့နယ်က ကျောင်းတကျောင်းဟာ အမိုးအကာ အခက်အခဲကြောင့် ပိတ်သိမ်းရတော့မယ်လို့ တာဝန်ရှိသူတယောက်က ပြောပါတယ်။
“ကျောင်းဖွင့်လာတာ ၆ လပြည့်ခဲ့ပြီ၊ မိုးတွင်းဆိုရင် ကျောင်းတွေက မိုးမလုံဘူး။ ဆက်ဖွင့်ဖို့က ခက်ခဲတယ်။ မိုးကာကြီးတွေနဲ့ပဲ မိုးတာ” လို့ ကျောင်းတာဝန်ခံတယောက်က ပြောပါတယ်။
မိုးဗြဲမြို့ အရှေ့ဘက်ကမ်းမှာရှိတဲ့ ဒီကျောင်းမှာ မူလတန်းအဆင့် ကျောင်းသား ၁၀၀ ကျော်ကို ဆရာမ ၃ ယောက်နဲ့ သင်ကြားပေးနေတာပါ။
စစ်ဘေးရှောင်ကလေးတွေ ပညာရေးနောက်မကျစေဖို့ စေတနာ့ဝန်ထမ်းအဖွဲ့တွေက ကြိုးစားသင်ကြားပေးနေတာဖြစ်ပြီး အလယ်တန်းအဆင့် ကျောင်းသား ၂၀၀ ကျော်ကိုတော့ နောက်တနေရာမှာ ကျောင်းဖွင့် သင်ကြားပေးနေတာ ဖြစ်ပါတယ်။
“မိုးကာဖိုး မတတ်နိုင်တော့တာ။ တခါလဲရင် ၅ ထည်လဲရတယ်။ တထည်ကို ၆၉,၀၀၀ ကျတယ်။ တခြားတိုလီမိုလီအစတွေ ဝယ်ရတာရှိသေးတယ်။ ခဏခဏဆို အဆင်မပြေဘူး” လို့ ကျောင်းတာဝန်ခံတယောက်က ပြောပါတယ်။