close

အမိုးအကာ

close

May 20, 2022

ဖယ်ခုံစစ်ရှောင်ထောင်ချီ အစားအသောက်နှင့် အမိုးအကာ လိုအပ်

ရှမ်းနဲ့ကရင်နီ(ကယား) ပြည်နယ်စပ်မှာ မေ ၁၂ ရက်က စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံထောင်ချီ ထွက်ပြေး တိမ်းရှောင်နေကြရပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေပါတယ်။

ဖယ်ခုံမြို့နယ် အရှေ့ဘက်ခြမ်း ကျေးရွာတွေဖြစ်တဲ့ ဟိုပန်၊ လင်လန်၊ တောင်ပို့ကွဲ၊ တောင်ပို့ကြီး၊ နားဟီး၊ နားကုံး၊ နမ့်တုတ်၊ မတ်ဆုမ့်ခွန်၊ လွိုင်နွဲ့၊ လဟယ် အစရှိတဲ့ ကျေးရွာ ၂၀ ကျော်က  ဒေသခံတွေက ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။

စစ်ရှောင်တွေဟာ ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်း ကျေးရွာတွေ၊ လွိုင်ကော်မြို့နယ် ပိန်းချစ် ကျေးရွာအုပ်စုတွေနဲ၊ ရှမ်းပြည်နယ် ဆီဆိုင်မြို့နယ်တွေကို ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။

ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းက  ခေါင်အိ၊ ရေလုံရေကန်၊ ယဉ်နွှဲ အစရှိတဲ့ ကျေးရွာအုပ်စုတွေမှာ သွားရောက်ခိုလှုံနေသူတွေအတွက် နေရာထိုင်ခင်းနဲ့ အစားသောက်တွေ လိုအပ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီနေတဲ့ ခွန်းရာဇာမောင်က ပြောပါတယ်။

“အခုက သူတို့နေရာထိုင်ခင်းတွေ မလုံလောက်တော့ဘူးပေါ့နော်။ ဒီဘက်မှာ အစကတည်းက ဒီးမော့ဆို စစ်ရှောင်တို့ ဘာတို့က နဂိုကတည်းက ရှိနေပြီးသား၊ သူတို့ ထပ်ရောက်လာတော့ အမိုးအကာ၊ စောင်၊ ခြင်ထောင်တို့ အဲလို မိုးလည်းရွာတော့ ဆေးဝါး၊ နေရာထိုင်ခင်း အစားသောက်ပေါ့။ အစားသောက်ကတော့ ကျနော်တို့ နိုင်သလောက်တော့ ကူနေတာပေါ့နော်၊ ဒါပေမယ့် အခုက ပြတ်နေပြီပေါ့နော်။ နဂို သူတို့မလာခင်ကတည်းက စစ်ဘေးရှောင်အများအပြား  ရှိနေတယ်၊ သူတို့ ထပ်ရောက်လာတော့ အဲဒီလို ဖြစ်တာပေါ့။”

အလားတူ လွိုင်ကော်မြို့နဲ့ ၁၈ မိုင်လောက်ဝေးတဲ့ ရှမ်းနယ်စပ် ပိန်းချစ်ကျေးရွာမှာလည်း ဖယ်ခုံအရှေ့ခြမ်းက စစ်ရှောင် ၁၀၀၀ ကျော် ရောက်ရှိ ခိုလှုံနေတယ်လို့ ပိန်းချစ်ကျေးရွာ သီရိမင်္ဂလာကျောင်းက ဆရာတော် ဦးကောဝိဒ က မိန့်ပါတယ်။

“စစ်ရှောင်တွေက ၁၂ ရက်နေ့ကတည်းက ရောက်လာတာ၊ ပိန်းချစ်ကျောင်းနဲ့ ပိန်းချစ်ရွာထဲက စာသင်ကျောင်းထဲမှာကော၊ ဆေးခန်းမှာကော ထားပေးတယ်။ နောက်တော်တော်များများ အိမ်တွေမှာလည်း ထားပေးတယ်။ အုလောလောဆယ်တော့ ၉၀၀ ကျော်ရှိသွားပြီ။ မနေ့က စာရင်းက ၉၇၆ ဦး၊ ဒီနေ့က စာရင်းထပ်ကောက်ရမယ်။ ဦးဇင်းကတော့ ကျောင်းအောက်မှာရော၊ ကျောင်းပေါ်မှာကောထားတယ်။ သူတို့မိသားစုနဲ့ သူတို့ ချက်စားကြတာပေါ့နော်။ ဦးဇင်းတို့က အလှူရှင်တွေဆီကနေ လှူလာတဲ့ ဆန်တွေရော၊ ဟင်းသီးဟင်းရွက်တွေကော ထုတ်ပြီးတော့ ဝေပေးနေတယ်။”

ပိန်းချစ်ရွာမှာ လူဦးရေများတဲ့အတွက် လတ်တလောက်မှာတော့ သောက်သုံးရေနဲ့ စားစရာ လိုအပ်နေတယ်လို့ ဆိုပါတယ်။

ဖယ်ခုံမြို့နယ်အရှေ့ခြမ်း လဟယ်ကျေးရွာကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ရှောင် အမျိုးသမီးလူငယ်တဦးက “သေနတ်သံတွေကြားရလို့ ကြောက်လို့ပြေးလာရတာရှင့်။”  လို့ ပြောပါတယ်။

လဟယ်ကျေးရွာမှာ အိမ်ခြေ ၉၀ လောက်ရှိပြီး လက်ရှိအမျိုးသမီးနဲ့ကလေးငယ်တွေက ထွက်ပြေး တိမ်းရှောင်နေကြရပြီး တချို့ကတော့ အိမ်စောင့်အနေအနဲ့ ကျန်ခဲ့ကြပါတယ်။

မေ ၁၂ ရက်က ဖယ်ခုံ၊ ညောင်ရွှေနယ်စပ်က ထီရိရွာက  စစ်ကောင်စီကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီ ဗိုလ်မှူးတယောက် အပါအဝင် ၁၅ ယောက် သေဆုံးခဲ့ပါတယ်။

အဲဒီနေ့ နောက်ပိုင်းကပြီး အဆိုပါ ဖယ်ခုံအရှေ့ဘက်ခြမ်းမှာ နေ့စဉ် တိုက်ပွဲဖြစ်ပွားနေပြီး မေ ၁၆ ရက်ကလည်း ဆောင်နန်းခဲကျေးရွာ မီးရှို့ဖျက်ဆီးခံလိုက်ရပါတယ်။

နေ့စဉ်နဲ့အမျှ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်ကရော၊ ပြည်သူ့ကာကွယ်ရေး တပ်ဘက်ကပါ ထိခိုက်ကျဆုံးမှုတွေ ရှိနေပါတယ်။ 

11 mins Ago

August 14, 2021

ကြူကုတ်မြို့က စစ်ရှောင်များ အမိုးအကာ မလုံခြုံ၊ ရေဘေးအန္တရာယ် စိုးရိမ်ရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကြူကုတ် (ပန်ဆိုင်း)မြို့ အနီးတဝိုက်ရှိရွာတွေက စစ်ရှောင် ပြည်သူတွေ အမိုးအကာ မလုံခြုံဖြစ်နေကြပြီး ရေဘေးအန္တရာယ်လည်း စိုးရိမ်နေကြရတယ်လို့ သိရပါတယ်။

စစ်ကောင်စီနဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် တရုတ်နယ်စပ်တလျှောက် ဖြစ်သလို တိမ်းရှောင်နေရတဲ့ ပြည်သူတွေဟာ ဖြစ်သလိုတဲထိုး နေထိုင်နေကြရတယ်လို့ စစ်ရှောင်ပြည်သူတစ်ဦးက ပြောပါတယ်။

"ခိုလှုံဖို့ မိုးလုံတဲ့နေရာ အရမ်းလိုနေတယ်။ အစားအသောက်တွေလည်း လိုအပ်နေတယ်။ ကျန်းမာရေးလည်း လိုတော့ လိုအပ်တယ်။ ဒါပေမယ့် တဲက ပိုလိုတယ်။ ခုချိန်က ရေချောင်းနားမှာဆိုတော့ ရေပြန်ကြီးလာတယ်။ တဲထိုးနေသူတွေက ဝမ်တိန်ချောင်း ဘေးနား၊ Camp အဟောင်း အပေါ်နားလေးမှာ။ ခါ့လျန်က Camp အောက်နားမှာ။ ရေက တဲထိုးပြီးနေရတဲ့ နေရာမှာ ပိုစိုးရိမ်ရတယ်။"

ဝမ်တိန် ချောင်းစပ်နား မိုးကာပဲမိုးထားပြီး တဲထိုး နေထိုင်ရသူတွေဟာ အရင် Camp အဟောင်းမှာ နာမည်စာရင်း မရှိသူတွေ ဖြစ်ပါတယ်။

အခက်အခဲကြုံနေကြတဲ့ စစ်ဘေးရှောင်တွေဟာ ကောင်းစထီးရွာနဲ့ အခြားရွာတွေအပါအဝင် စုစုပေါင်း လူဦးရေ ၅၀ ကျော်ရှိတယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်လာတာ ဩဂုတ်လ ၁၃ ရက်နေ့အထိ ၁၀ ရက် ကြာပြီဖြစ်ပေမယ့် လက်ရှိ အခြေအနေက ရွာနားမှာ MNDAA တွေနဲ့ ပန်ဆိုင်း လမ်းဘက်မှာတော့ စစ်ကောင်စီတပ်တွေ နေတာကြောင့် အချိန်မရွေး တိုက်ပွဲထပ်ဖြစ်လာနိုင်တာကြောင့် မပြန်ရဲကြဘူးလို့ စစ်ဘေးရှောင်တဦးက ပြောပါတယ်။

"သူတို့ နှစ်ဘက်စလုံးက ချောင်းမြောင်းတိုက်ခိုက်ဖို့ ပြင်နေတယ်။ ခုလည်း သိမ်မသေချာသေးဘူး။ ပုန်းပြီး ချောင်းမြောင်း စောင့်ဆိုင်းနေကြလို့။ တိုက်ပွဲက ၈ ရက်နေ့ ပန်ဆိုင်းနားမှာ နောက်ဆုံးဖြစ်သွားတယ်။ လက်ရှိ နှစ်ဖက် အခြေအနေတင်းမာနေတယ်။"

ဩဂုတ် ၄ ရက်နေ့ကစ စစ်ကောင်စီတပ်နဲ့ MNDAA တို့ တိုက်ပွဲပြင်းထန်လာခဲ့တာကြောင့် ပန်ဆိုင်းမြို့နဲ့ အနီးတဝိုက်မှာရှိတဲ့ ကောင်စထီး၊ ဖိုင်ကောင်း၊ ကောင်ရာ၊ ခါ့လျန်၊ မန်ဂျေ၊ နမ့်ဟူး၊ ကောင်းဝိုင်၊ ရေပူစမ်း စတဲ့ရွာတွေထဲက အိမ်ခြေ ၂၆၇၊ လူဦးရေ ၁၃၃၆ ဦး ဘေးလွတ်ရာ တိမ်း ရှောင်နေကြရတယ်လို့ သိရပါတယ်။

9 months Ago
Up