မုန်းတီးမှုတွေက အောင်ပွဲမရနိုင်ကြောင်း လူမျိုးရေးခွဲခြားခဲ့ကြသူတွေကို အင်္ဂလန်ကစားသမား ဆန်ချိုက ပြန်လည်ဝေဖန်လိုက်ပါတယ်။
အသက် ၂၁ နှစ်ရှိ ဆန်ချိုဟာ အီတလီကိုရူံးနိမ့်ခဲ့တဲ့ ယူရိုဗိုလ်လုပွဲမှာ ပင်နယ်တီလွဲချော်ခဲ့ပြီး အသင်းဖော်တွေဖြစ်ကြတဲ့ ရက်ရှ်ဖို့ဒ်၊ ဆာကာတို့နဲ့အတူ လူမျိုးရေး ခွဲခြားခံခဲ့ရတာပါ။
လူမည်းကစားသမားတွေ ဖြစ်တာကြောင့် မျောက်နဲ့နိူင်းပြီး အင်္ဂလန်ပရိသတ်တချို့က လှောင်ပြောင်ခဲ့ကြတာပါ။
ဆန်ချိုကတော့ အဲဒီလိုလူမျိုးရေးခွဲခြားမှုတွေရှိတာကို ပွဲအပြီးမှာ မြင်တွေ့ခဲ့ရပြီး လူ့အဖွဲ့အစည်းတစ်ခုအနေနဲ့ ပိုကောင်းတဲ့ လုပ်ဆောင်မှုတွေ လိုအပ်တယ်လို့ သူ့ရဲ့ အင်စတာဂရမ်ကနေ ရေးသားခဲ့တာပါ။
“အမုန်းတရားတွေက ဘယ်တော့မှ အောင်ပွဲရစေမှာ မဟုတ်ပါဘူး။ ဒီလို လူမျိုးရေးခွဲခြားခံရတဲ့ လူငယ်တွေအားလုံးကို ပြောချင်တာက ခေါင်းကိုမော့ ရင်ကိုကော့ပြီး ကိုယ့်ရဲ့ပန်းတိုင်ကို ဆက်ပြီးချီတက်စေချင်ပါတယ်။ အင်္ဂလန်အသင်းမှာ ကစားရတာကို ဂုဏ်ယူကျေနပ်ပါတယ်။ ဒီပြိုင်ပွဲက အတွေ့အကြုံတွေကို သင်ခန်းစာယူပြီး ရှေ့ဆက် သွားချင်ပါတယ်” လို့ ဂျေဒန်ဆန်ချိုက အင်စတာဂရမ်ကနေရေးသားခဲ့ပါတယ်။
အသင်းကို အမြဲတမ်းကူညီဖို့ဆန္ဒရှိကြောင်း၊ ပင်နယ်တီကိုလည်း ယုံကြည်မှုအပြည့်နဲ့ ကန်သွင်းခဲ့တာဖြစ်ပြီး လွဲချော်ခဲ့တဲ့အပေါ်မှာ အလွန်စိတ်ပျက်စွာခံစားခဲ့ရကြောင်းလည်း ဆန်ချိုက ထည့်သွင်းရေးသားခဲ့ပါတယ်။