close

အမေရိကန်ဂျာနယ်လစ်

close

September 30, 2021

သတင်းထောက်အလုပ်ထက်ကျော်လုပ်သဖြင့် အမေရိကန်ဂျာနယ်လစ်ကို ဖမ်းဆီးခြင်းဖြစ်ဟု စစ်ကောင်စီပြော

Frontier Myanmar  သတင်းဌာနရဲ့ မန်နေးဂျင်း အယ်ဒီတာ အမေရိကန် ဂျာနယ်လစ် ဒန်နီဖှန်စတာဟာ သတင်းထောက်အလုပ်ထက်ကျော်လွန် လုပ်ထားတာတွေရှိလို့ ဖမ်းဆီးထိန်းသိမ်းထားတာဖြစ်တယ်လို့ အကြမ်းဖက် စစ်ကောင်စီရဲ့ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဒီနေ့ နေပြည်တော်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ VOA သတင်းဌာနက မေးမြန်းတာကို ပြန်ဖြေခဲ့တာ ဖြစ်ပါတယ်။

“သတင်းထောက်က သတင်းထောက်အလုပ်လုပ်ပြီး မျှမျှတတလုပ်တယ်ဆိုရင် ဖမ်းဆီးစရာ အကြောင်းမရှိပါဘူး။ သူ့မှာ သတင်းထောက်အလုပ်ထက် ကျော်လွန်ပြီး လုပ်ထားတာတွေ ရှိပါတယ်။ ပုဒ်မတွေလည်း တပ်ထားပါတယ်။ ကျနော်တို့ ထိန်းသိမ်းစရာရှိလို့ ထိန်းသိမ်းထားတာ ပါ” လို့ပြောပါတယ်။

သတင်းထောက်က မေးမြန်းထားပေမဲ့ ဘာတွေ စစ်ဆေးတွေ့ရှိတယ်ဆိုတာနဲ့ ဖှန်စတာကို ဘာပုဒ်မတွေနဲ့ စွဲဆိုထားတယ်ဆိုတာကိုတော့  ဗိုလ်ချုပ်ဇော်မင်းထွန်းက မပြောသွားပါဘူး။

အမေရိကန်နိုင်ငံသား ဒင်နီဖှန်စတာကို မေ ၂၄ ရက်နေ့က ရန်ကုန်ကနေ မလေးရှားကို သွားဖို့ ရန်ကုန်လေဆိပ်ကိုရောက်နေတုန်း ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဒင်နီဖှန်စတာရဲ့ ကျန်းမာရေး ကောင်းမွန်ပြီး အကျဉ်းအချုပ်သားတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးပေမဲ့ ထိုးတာ မထိုးတာကတော့ သူ့ရဲ့ သဘောပဲဖြစ်တယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၈ လအတွင်း သတင်းထောက်နဲ့ မီဒီယာအမှုထမ်း  ၁၀၂ ယောက် ဖမ်းဆီးခံရတယ်လို့ Reporting ASEAN က စက်တင်ဘာ ၂၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။ ဒီထဲက တချို့ ပြန်လွတ်လာပြီး  ၄၈ ယောက်ကတော့ အကျဉ်းထောင်အသီးသီးမှာ ဆက်လက်ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။

2 months Ago

July 16, 2021

အမေရိကန်ဂျာနယ်လစ် အင်းစိန်ထောင်တွင်း ကိုဗစ်-၁၉ ကူးစက်ခံနေရဟု ရှေ့နေပြော

ရန်ကုန်အင်းစိန်အကျဉ်းထောင်ထဲမှာ ဖမ်းဆီး ထိန်းသိမ်းခံနေရတဲ့ အမေရိကန်ဂျာနယ်လစ် ဒန်နီဖှန်စတာဟာ သူ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံနေရတယ်လို့ ယုံကြည်ကြောင်း သူ့ရဲ့‌ရှေ့နေကို ဇူလိုင် ၁၅ ရက်နေ့ကပြောကြားပါတယ်။

ဒါပေမဲ့ ထောင်အာဏာပိုင်တွေကတော့ ဒါကို ငြင်းဆိုထားပါတယ်။  ဒန်နီဖှန်စတာကို မေလ ၂၄ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ စစ်တပ်က ဖမ်းဆီးခဲ့တာဖြစ်ပြီး သူ့ကို ထောင်ဒဏ် သုံးနှစ်အထိ ပြစ်ဒဏ်ချနိုင်တဲ့ လှုံ့ဆော်မှုနဲ့ တရားစွဲထားတာပါ။

အမေရိကန် အစိုးရနဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်အသင်းအဖွဲ့တွေက သူ့လွတ်မြောက်ရေးအတွက် တိုက်တွန်း တောင်းဆိုနေကြပါတယ်။

သူ့အမှုသည်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီး သူတောင်းတဲ့ ဆေးဝါးတွေလည်း မရဘူးလို့ ဇူလိုင် ၁၅ ရက် နေ့ အွန်လိုင်းဗီဒီယိုစနစ်နဲ့ ရုံးထုတ်ကြားနာရာမှာ ပြောဆိုကြောင်း ဒန်နီဖှန်စတာရဲ့ရှေ့နေ ဦးသန်းဇော်အောင်က ပြောပါတယ်။

မြန်မာပြည်မှာ ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု များပြားလာခြင်းကြောင့် အင်းစိန်ထောင်ကို ဇူလိုင် ၈ ရက်ကစပြီး ၂ ပတ်ကြာ ပိတ်ထားပါတယ်။ 

ဒန်နီဖှန်စတာဟာ မနေ့က အကျဉ်းထောင်ထဲကနေ တရားခွင်အကြိုကြားနာခြင်းမှာ ပါဝင်ခဲ့ပြီး သူ့ရဲ့ရှေ့နေကတော့ မြို့နယ်တရားရုံးတခုကနေ ပါဝင် ဆောင်ရွက်ခဲ့တာပါ။ သူ့အမှုကို ဇူလိုင်လ ၂၈ ရက်မှာ နောက်ထပ်ကြားနာမှုလုပ်မယ်လို့ တရားရုံးက အမိန့်ချလိုက်ကြောင်း သူ့ရဲ့ရှေ့နေက ပြောပါတယ်။

သူ့အမှုကို အမှန်တကယ် ဘယ်အချိန်စတင်မယ်ဆိုတော့ မရှင်းလင်းသေးပါဘူး။ ပြီးခဲ့တဲ့လတုန်းက‌တော့ ဖှန်စတာကို အရင်အလုပ်ဟောင်း Myanmar Now သတင်းဌာနမှာ အယ်ဒီတာအဖြစ် လုပ်ခဲ့ဖူးတာနဲ့ပတ်သက်ပြီး တရားစွဲထားတယ်လို့  ရှေ့နေ ဦးသန်းဇော်အောင်က ပြောပါတယ်။

ဒန်နီဖှန်စတာဟာ မနှစ် ဇူလိုင်လက Myanmar Now ကနေ နုတ်ထွက်ပြီးနောက် တလအကြာမှာ Frontier Myanmar မှာ  မန်နေးဂျင်းအယ်ဒီတာအဖြစ် အလုပ်ဝင်ခဲ့တာပါ။ သူ ဘာကြောင့် အဖမ်းခံရတာလဲ ဆိုတာ မရှင်းလင်းဘူးလို့ သူ့ရဲ့‌ရှေ့နေက ပြောပါတယ်။ Frontier Myanmar အယ်ဒီတာချုပ် Tom Kean ကတော့ ဒန်နီကို လုံးဝဖမ်းမထားသင့်ဘူး၊ သူ့ကို မလွှတ်ပေးသေးတာကို စိတ်ပျက်မိတယ်၊ အရေးအကြီးဆုံးက သူ အခု  ကိုဗစ်-၁၉ ကူးစက်ခံရနိုင်ခြေလည်းရှိနေတယ်လို့ မနေ့က text message ကနေ ပြောကြားပါတယ်။

ဒန်နီဖှန်စတာကို ဆက်ထိန်းသိမ်းထားစရာ ဘာအကြောင်းမှမရှိဘူး၊ အာဏာပိုင်တွေအနေနဲ့ သူ့ကို သူ့မိသားစုဆီပြန်ဖို့ အမြန်ဆုံး ပြန်လွှတ်ပေးသင့်တယ်လို့လည်း ဆိုပါတယ်။ အင်းစိန်အကျဉ်းထောင်မှ ပြောရေးဆိုခွင့်ရှိသူ ဦးချမ်းအေးကျော်ကတော့ ဖှန်စတာဟာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရခြင်းမရှိဘူးလို့ ပြောဆိုပါတယ်။ ဒန်နီဖှန်စတာဟာ နိုင်ငံခြားသားတယောက်ဖြစ်လို့ အကျဉ်းထောင်က သူ့အခြေအနေနဲ့ပတ်သက်ပြီး အချိန်နဲ့တပြေးညီ အချက်အလက်တွေ ပေးပါတယ်လို့ သူက ဆိုပါတယ်။ သူ့မှာဗိုင်းရပ်စ်တွေ့ရင် အဲ့ဒီအကြောင်း သတင်းပို့မှာဖြစ်ပြီး လောလောဆယ် သူ့မှာ ဘာရောဂါမှ မရှိဘူးလို့ ဆိုပါတယ်။

အကျဉ်းသားတိုင်းကို ရဲတွေ ခေါ်ဆောင်လာချိန်မှာ ဗိုင်းရပ်စ်စစ်ဆေးမှု လုပ်တယ်လို့ ဆိုပါတယ်။ သူတို့မှာ Positive ပြနေရင် Positive လူနာတွေအတွက် အဆောင်မှာထားပေးပြီး သူတို့ကို ဆေးကုသမှုပေးမယ်လို့လည်း ဦးချမ်းအေးကျော်က ပြောပါတယ်။   Positive အဆောင်မှာ လူနာ အယောက် ၃၀ ကျော်ရှိပြီး သူတို့ကို တခြားအကျဉ်းသားတွေနဲ့ ခွဲထားတယ်လို့လည်း ဆိုပါတယ်။ 

4 months Ago
Up