close

အမေရိကန်တပ်ဖွဲ့

close

May 3, 2023

မက္ကဆီကိုနယ်စပ်တွင် တာဝန်ထမ်းဆောင်ရန် အမေရိကန်တပ်ဖွဲ့ဝင် ၁,၅၀၀ စေလွှတ်

မက္ကဆီကိုနယ်စပ်မှာ တာဝန်ထမ်းဆောင်မယ့် အမေရိကန်တပ်ဖွဲ့ အင်အား ၁,၅၀၀ ဟာ မေလ ၁၀ ရက် အစောဆုံး စတင်ရောက်ရှိလိမ့်မယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က မေလ ၂ ရက်မှာ ပြောကြားပါတယ်။

တပ်ဖွဲ့ဝင်တွေကို စေလွှတ်နေချိန်မှာ ပင်တဂွန်ဟာ အရန်တပ်က အလားအလာရှိတဲ့ တာဝန်ကျဝန်ထမ်းတွေနဲ့ အစားထိုးဖို့ နည်းလမ်းတွေကို ရှာဖွေနေကြောင်း ပင်တဂွန်စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ပက်ထရစ်ရိုင်ဒါက သတင်းထောက်တွေကို ပြောပါတယ်။

အခုလ နှောင်းပိုင်းမှာ ကိုဗစ်-၁၉ နယ်စပ်ကန့်သတ်ချက်တွေကို ရုပ်သိမ်းလိုက်ချိန်မှာ တရားမဝင် လူဝင်မှုကြီးကြပ်ရေး မြင့်တက်လာနိုင်ချေအတွက် ကြိုတင်ပြင်ဆင်မှုအနေနဲ့ တပ်ဖွဲ့ဝင်တွေကို တပ်ဖြန့်ထားကြောင်း ရိုင်ဒါက အတည်ပြုပါတယ်။

ရက်ပေါင်း ၉၀ ကြာ တာဝန်ကျ တပ်ဖွဲ့ဝင်တွေကို တပ်ဖြန့်ထားတာဟာ အမေရိကန် နယ်စပ်ကင်းလှည့်လုပ်ငန်းကို အားဖြည့်ပေးမှာဖြစ်ပေမဲ့ တရားဥပဒေစိုးမိုးရေး တာဝန်တွေကိုတော့ ထမ်းဆောင်မှာမဟုတ်ကြောင်း ပင်တဂွန်က ပြောပါတယ်။

သူတို့ဟာ မြေပြင်အခြေခံ စောင့်ကြည့်တာ၊ ဒေတာဖြည့်သွင်းတာ၊ နယ်စပ်အေးဂျင့်တွေကို ရှင်းလင်းဖို့အတွက် အရေးကြီးတဲ့ စွမ်းဆောင်ရည် ကွာဟချက်တွေကို ဖြည့်ဆည်းဖို့ စာရင်းအင်း လက်ခံ/ထိန်းချုပ်မှုလုပ်ငန်းစဉ်တွေကို လုပ်ဆောင်မှာဖြစ်ပါတယ်။ ဒါ့အပြင် အမျိုးသားအစောင့်တပ် အင်အား ၂,၅၀၀ လောက်ကို ဆက်ပြီး တပ်ဖြန့်ထားဦးမှာပါ။

မေလ ၁၁ ရက်မှာ သက်တမ်းကုန်ဆုံးတော့မယ့် Title 42 လို့ခေါ်တဲ့ ကန့်သတ်ချက်တွေဟာ အမေရိကန် အာဏာပိုင်တွေအနေနဲ့ မက္ကဆီကန်မဟုတ်တဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ခိုလှုံခွင့်တောင်းခံဖို့ အခွင့်အရေးမပေးဘဲ မက္ကဆီကိုကို မြန်မြန်ဆန်ဆန် နှင်ထုတ်ခွင့်ပြုထားပါတယ်။

မက္ကဆီကိုအစိုးရကတော့ အမေရိကန်-မက္ကဆီကို နယ်စပ်လုံခြုံရေးအတွက် တပ်ဖွဲ့ဝင်တွေချထားမယ့် အမေရိကန်အစိုးရရဲ့ ဆုံးဖြတ်ချက်ကို လေးစားကြောင်း  မက္ကဆီကိုသမ္မတ အန်ဒရေးစ် မာနူယလ် လိုပက်ဇ် အိုဘရာဒေါက မေလ ၂ ရက် သူ့ရဲ့ နေ့စဉ် နံနက်ခင်းသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

1 hour Ago

December 7, 2022

သြစတြေးလျတွင် အမေရိကန်တပ်ဖွဲ့ဝင် တိုးမြှင့်ချထားမည်

အမေရိကန်ပြည်ထောင်စုဟာ မဟာမိတ်နှစ်နိုင်ငံကြား နှစ်ပတ်လည်ဆွေးနွေးပွဲတွေအပြီးမှာ ဗုံးကြဲလေယာဉ်တွေနဲ့ တိုက်လေယာဉ်တွေ အပါအဝင် သြစတြေးလျမှာ တပ်ချထားတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေရဲ့ အလှည့်ကျရောက်ရှိမှုကို တိုးမြှင့်သွားမယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်ဒ် အော်စတင်က ဒီဇင်ဘာ ၆ ရက်မှာ ကြေညာပါတယ်။

ဩစတြေးလျအစိုးရဟာ အင်ဒို-ပစိဖိတ်ဒေသထဲမှာ တရုတ်နိုင်ငံက အင်အားတိုးချဲ့လာတာကို ပြန်တွန်းလှန်ဖို့ အမေရိကန်ရဲ့ ကြိုးပမ်းမှုအတွက် အရေးပါတဲ့ မိတ်ဖက်တဦးအဖြစ် အမေရိကန်က ရှုမြင်ထားပါတယ်။

သြစတြေးလျဟာ ထိုင်ဝမ်ကျွန်းကို ကာကွယ်ရေးမှာ အရေးပါတဲ့ ထောက်ပံ့ပို့ဆောင်ရေး အခန်းကဏ္ဍမှာ ပါဝင်နိုင်တယ်လို့ လေ့လာသုံးသပ်သူတွေက ပြောပါတယ်။

ဩစတြေးလျမှာ အမေရိကန်တပ်တွေ ဘယ်အချိန်မှာ အလှည့်ကျ တိုးလာမလဲ၊ ဒါမှမဟုတ် တပ်ဖွဲ့ဝင်တွေ၊ သင်္ဘောတွေနဲ့ လေယာဉ်တွေ အစီးရေဘယ်လောက် ပါဝင်မယ်ဆိုတဲ့ အသေးစိတ်ကို အော်စတင်က မဖော်ပြခဲ့ပါဘူး။

သြစတြေးလျမှာ တပ်ဖွဲ့တွေ အစပျိုးတပ်ချချိန်မှာ လာပေါင်းစည်းရေး ဂျပန်ကို ဖိတ်ဖို့ကိုလည်း နှစ်နိုင်ငံလုံးက သဘောတူခဲ့တယ်လို့ အော်စတင်က ပြောပါတယ်။

အမေရိကန်ဟာ သြစတြေးလျနိုင်ငံမြောက်ပိုင်းမှာရှိတဲ့ လေတပ်အခြေစိုက်စခန်းတခုမှာ နျူးကလီးယားစွမ်းရည်ပြ B-52 ဗုံးကြဲလေယာဉ် ခြောက်စင်းအထိ ဖြန့်ကြက်ချထားဖို့ စီစဉ်နေတယ်လို့ ဒီကိစ္စနဲ့ နီးစပ်သူတဦးက အောက်တိုဘာလမှာ ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။

ဩစတြေးလျရဲ့ မြောက်ပိုင်းနယ်မြေမှာ အမေရိကန်နဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေကို မကြာခဏ လက်ခံကျင်းပနေပါပြီ။

အမေရိကန် မရိမ်းတပ်သား ထောင်ပေါင်းများစွာဟာလည်း လေ့ကျင့်ရေးနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွက် နှစ်စဉ် နယ်မြေအနှံ့ လှည့်လည်တာတွေကို သမ္မတဟောင်း ဘားရတ် အိုဘားမား လက်ထက်ကတည်းက စတင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က အမေရိကန်၊ ဗြိတိန်နဲ့ သြစတြေးလျတို့ဟာ AUKUS လို့ လူသိများတဲ့ လုံခြုံရေးသဘောတူညီချက်တရပ်ကို ဖန်တီးခဲ့ပြီး ဩစတြေးလျကို နျူးကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေ ဖြန့်ကြက်နိုင်စေရေး နည်းပညာကို ပံ့ပိုးပေးခဲ့လို့ တရုတ်အစိုးရက ကျွဲမြီးတိုခဲ့ပါတယ်။

5 months Ago
Up