close

အမေရိကန်တရားရုံးချုပ်

close

June 24, 2022

အမေရိကန်တရားရုံးချုပ်က မိမိကိုယ်ကိုကာကွယ်ရန် လက်နက်ကိုင်ဆောင်ခွင့်ရှိဟု ဆုံးဖြတ်

အမေရိကန်ပြည်ထောင်စုရဲ့ အမြင့်ဆုံးတရားရုံးချုပ်က အရပ်သားပြည်သူတဦးချင်း လက်နက်ကိုင်ဆောင်ခွင့်ကို ကာကွယ်တဲ့ ဆုံးဖြတ်ချက်ကို  ဇွန် ၂၃ ရက်မှာ ကြေညာလိုက်ပါတယ်။

မိမိကိုယ်ကို ခုခံကာကွယ်ဖို့အတွက် အများပြည်သူတွေကြားထဲ သွားလာတဲ့အခါမှာလည်း လက်နက်ကိုင်ဆောင်ခွင့် ရှိရမယ်ဆိုတဲ့ ဒီဆုံးဖြတ်ချက်ဟာ လက်နက်ထိန်းချုပ်ရေး တောင်းဆိုနေသူတွေကို စိတ်ပျက်စေပါတယ်။

သေနတ်ပစ်ခတ်မှုတွေဟာ တိုင်းပြည်အတွက် အရှက်ရစရာ ဖြစ်နေတယ်လို့ ဝေဖန်လေ့ရှိတဲ့ သမ္မတ ဂျိုးဘိုင်ဒင်က တရားရုံးရဲ့ ဒီအဆုံးအဖြတ်ဟာ ဆိုးရွားတဲ့ဆုံးဖြတ်ချက်လို့ အိမ်ဖြူတော်မှာ ပြောပါတယ်။

“ဒါဟာ ဆိုးရွားတဲ့ ဆုံးဖြတ်ချက်ပါ။ ကျိုးကြောင်းဆီလျော်တယ်လို့လည်း မထင်ပါဘူး။ ကျနော် စိတ်ပျက်မိပါတယ်။”

အမေရိကန်ပြည်ထောင်စုမှာ ဒီနှစ်ပိုင်းတွေအတွင်း သေနတ်ပစ်ခတ်မှုတွေကြောင့် လူတွေ ရာနဲ့ချီ သေဆုံးနေရတာပါ။

ဒီလပိုင်းတွေကို ပြန်ကြည့်ရင်ပဲ မေ ၂၄ ရက်က တက္ကဆက်ပြည်နယ် ယူဗဲဒီမြို့မှာ မူလတန်းကျောင်းထဲ သေနတ်ဝင်ပစ်လို့ ၂၄ ယောက် သေဆုံးခဲ့ရသလို မေ ၁၄ ရက်ကလည်း နယူးယော့ခ်ပြည်နယ် ဘက်ဖလိုးမြို့က ဈေးဆိုင်ထဲ သေနတ်နဲ့ဝင်ပစ်လို့ လူ ၁၀ ယောက် သေဆုံးခဲ့ရပါတယ်။

တရားရုံးချုပ် တရားသူကြီး ၉ ဦးထဲက ၆ ဦးက ပြည်သူတဦးချင်း လက်နက်ကိုင်ဆောင်ခွင့်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးအပ်ထားတဲ့ အခွင့်အရေး ဖြစ်တယ်ဆိုတဲ့ဘက်က ရပ်တည်ကြပါတယ်။

နယူးယော့ခ်ပြည်နယ်မှာ သတ်မှတ်ထားတဲ့ မိမိနေအိမ်တွင်းမှာပဲ သေနတ်ကိုင်ခွင့်ရှိတယ်ဆိုတဲ့ ဥပဒေဟာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ဒုတိယအကြိမ် ပြင်ဆင်ချက်ထဲက လူတဦးချင်း သေနတ်ကိုင်ဆောင်ခွင့်ကို ချိုးဖောက်နေတယ်လို့ ဆိုပါတယ်။

3 hours Ago

February 26, 2022

အမေရိကန်တရားရုံးချုပ် တရားသူကြီးနေရာအတွက် ကက်တန်ဂျီ ဘရောင်းဂျက်ဆင်ကို အမည်စာရင်းတင်

သမ္မတဂျိုးဘိုင်ဒင်က အမေရိကန်တရားရုံးချုပ် တရားသူကြီးလစ်လပ်နေရာအတွက် လူမည်း တရားသူကြီး မစ္စကက်တန်ဂျီ ဘရောင်း ဂျက်ဆင်ကို အမည်စာရင်း တင်သွင်းခဲ့ပါတယ်။

ဘိုင်ဒင်က “ကျနော်တို့ တရားရုံးတွေဟာ အမေရိကနဲ့မတူတာ အတော်ကြာလှပြီ။ အခု  နိုင်ငံအတွက် ကိုယ်စွမ်းကိုစရှိ ပညာပြည့်ဝ တရားမျှတမှုလိုလားတဲ့ တရားသူကြီးတွေနဲ့ ဂုဏ်သိက္ခာရှိတဲ့တရားရုံးဖြစ်ဖို့ အချိန်ကျပါပြီ” လို့ ပြောပါတယ်။ 

ဂျက်ဆင်က သူ့မွေးနေ့ရက်မှာ ဖက်ဒရယ်ပြည်ထောင်စုတရားရုံးရဲ့ ပထမဆုံး လူမည်းအမျိုးသမီး တရားသူကြီးအဖြစ် သမ္မတက ရွေးချယ်တာကို ဝမ်းသာဂုဏ်ယူကြောင်း ပြောပါတယ်။

ဆီးနိတ်က အတည်ပြုခဲ့ရင် အခြေခံဥပဒေနဲ့ တရားဥပေဒစိုးမိုးမှုတို့ကို ရှေ့တန်းတင်ပြီး အမေရိကန် အနာဂတ် မျိုးဆက်တွေ အားကျလောက်အောင် ပေးဆပ်စွမ်းဆောင်ချင်ကြောင်း ဂျက်ဆင်က ပြောပါတယ်။   

အမေရိကန်ဖက်ဒရယ်တရားရုံးတော်မှာ လက်ရှိ တရားသူကြီး ၉ ပါးထိုင်ပြီး ၃ ဦးက အမျိုးသမီးတွေပါ။ 

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ လစ်ဘရယ် တရားသူကြီး စတီဖင် ဘရေယာ အနားယူသွားခဲ့လို့ သူ့နေရာ လစ်လပ်နေတာပါ။ 

ဆီးနိတ်က အတည်ပြုခဲ့ရင် အသက် ၅၁ နှစ်ရှိ ဂျက်ဆင်ဟာ တရားရုံးတော်သမိုင်းမှာ ၆ ဦးမြောက် အမျိုးသမီးတရားသူကြီးနဲ့ ပထမဆုံး လူမည်းအမျိုးသမီး ဖြစ်လာမှာပါ။

ဂျက်ဆင်က မီယာမီမြို့မှာ ကြီးပြင်းခဲ့ပြီး ဟားဗတ်ဥပဒေကျောင်း တက်ခဲ့တာပါ။ မနှစ်က ဒီဇင်ဘာမှာ သမ္မတဟောင်း ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်မှတ်တမ်းတွေကို  လွှတ်တော်အဆောက်အဦ တိုက်ခိုက်ခံရမှုနဲ့ပတ်သက်တဲ့ လွှတ်တော်စစ်ဆေးရေးအဖွဲ့ထံ လွှဲပြောင်းပေးဖို့ ငြင်းဆန်တာကို ဆုံးဖြတ်ရတဲ့ တရားသူကြီး ၃ ပါးမှာ ဂျက်ဆင် ပါဝင်ခဲ့ပါတယ်။

4 months Ago
Up