close

အမေရိကန်ဒီမိုကရေစီ

close

January 7, 2022

အမေရိကန်ဒီမိုကရေစီကို ဖျက်ဆီးသူဟု ထရမ့်ကို ဘိုင်ဒင်စွပ်စွဲ

သမ္မတဟောင်းထရမ့်ဟာ အမေရိကန်ဒီမိုကရေစီကို ဖျက်ဆီးဖို့ နည်းမျိုးစုံနဲ့ ကြိုးပမ်းနေတယ်လို့ ဇန်နဝါရီ ၆ ရက် အမေရိကန်လွှတ်တော်အဆောက်အအုံ Capitol ဝင်ရောက်စီးနင်းခံရမှု နှစ်ပတ်လည်နေ့မှာ သမ္မတဂျိုးဘိုင်ဒင်က ပြောဆိုလိုက်ပါတယ်။ 

၂၀၂၀ ရွေးကောက်ပွဲ အရှုံးရလဒ်ကို ပြောင်းလဲပစ်ဖို့ ထရမ့်ကို ထောက်ခံသူတွေက ပြီးခဲ့တဲ့နှစ် ဇန်နဝါရီ ၆ ရက်မှာ Capitol ကို ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

သမ္မတဘိုင်ဒင်က ရွေးကောက်ပွဲ မဲလိမ်တယ်ဆိုတဲ့ ထရမ့်ရဲ့ မဟုတ်တန်းတရား စွပ်စွဲချက်တွေဟာ တရားဥပဒေစိုးမိုးရေးနဲ့ အနာဂတ်ရွေးကောက်ပွဲတွေကို ထိခိုက်စေတယ်လို့ သတိပေးခဲ့ပါတယ်။

“ဘာဟာအမှန်လဲ၊ ဘယ်ဟာအလိမ်အညာလဲ ဆိုတာ ကျနော်တို့ ရှင်းရှင်းလင်းလင်း ကြည့်ကြရမယ်။ သမ္မတဟောင်းထရမ့်ဟာ ၂၀၂၀ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အလိမ်အညာတွေ ကို ဝက်ဘ်ဆိုက်တခုဖန်တီးပြီး ဖြန့်ချိနေပါတယ်။ ဘာကြောင့် သူဒီလိုလုပ်နေတာလဲဆိုတော့ သူက ကျင့်ဝတ်သိက္ခာထက် အာဏာကို ပိုပြီး ရှေ့တန်းတင်နေလို့ပါ။ အရှုံးကို သူလက်မခံနိုင် ဖြစ်နေတယ်” လို့ သမ္မတဘိုင်ဒင်က ပြောပါတယ်။

ဒါ့အပြင် ဘိုင်ဒင်က “ဒေါ်နယ်ထရမ့်နဲ့ သူ့နောက်လိုက်တွေအတွက် အနိုင်ရဖို့ တခု တည်းသောနည်းလမ်းက လူထုရဲ့မဲတွေကို ကလိမ်ကျပြီး ရွေးကောက်ပွဲကို ဖျက်ဆီးပစ်ဖို့ပါ” လို့ ပြောပါတယ်။

ထရမ့်က ရွေးကောက်ပွဲမှာ သူအနိုင်ရတယ်လို့ လျှောက်ထားမှုတွေကို အမေရိကန်တရားရုံး တဒါဇင်ကျော်နဲ့ ရွေးကောက်ပွဲကျင်းပတဲ့ဌာနတွေက ပယ်ချခဲ့ပါတယ်။ 

စစ်တမ်းတွေအရလည်း ထရမ့်ရဲ့ ရီပတ်ဘလစ်ကန်ပါတီ မဲဆန္ဒရှင် ၅၅ ရာခိုင်နှုန်းက ထရမ့်ရဲ့ တောင်းဆိုမှုတွေဟာ မှားယွင်းပြီး အလိမ်အညာတွေဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။

1 min Ago
Up