close

အမေရိကန်ဒေါ်လာ

close

July 5, 2022

နယ်စပ်ပို့ကုန် တင်ပို့မှု ကန်ဒေါ်လာဖြင့်သာ ဆောင်ရွက်ရန် စစ်ကောင်စီအမိန့်ထုတ်ပြန်

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုမှာ ယွမ်ငွေအစား အမေရိကန်ဒေါ်လာနဲ့သာ ပို့ကုန် တင်ပို့ခွင့်ပြုမယ်လို့  စစ်ကောင်စီလက်အောက်ခံ ကုန်သွယ်ရေးဦးစီးဌာနက  အသိပေးညွှန်ကြားစာ ထုတ်ပြန်ထားပါတယ်။

ဇူလိုင်၂ ရက် ရက်စွဲနဲ့ ထုတ်ပြန်ထားတဲ့ အဲဒီညွှန်ကြားစာမှာတော့ ရရှိလာတဲ့ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာတွေကို ၄၅ ရက်အတွင်း ပြည်တွင်းဘဏ်စာရင်းထဲကို ထည့်သွင်းရမယ်လို့လည်း ညွှန်ကြားထားပါတယ်။

ပို့ကုန်ရငွေ ပြန်လည်၀င်ရောက်ပြီးကြောင်း ဘဏ်စလစ်ပြနိုင်မှသာ နောက်ထပ်ပို့ကုန်လိုင်စင် ထပ်မံလျှောက်ခွင့်ရရှိမှာ ဖြစ်တယ်လို့လည်း ကုန်သည်တွေရဲ့ ပြောကြားချက်အရ သိရပါတယ် ။

နယ်စပ်ကုန်သွယ်ရေးမှာ  အခုလိုမူဝါဒတွေ အမျိုးမျိုးပြောင်းနေတာကြောင့် လတ်တလော မြန်မာ့ ပို့ကုန်ကဏ္ဍကရပ်တန့်သလောက် ဖြစ်သွားတယ်လို့ ကုန်သည်တွေက ဆိုပါတယ်။

“နယ်စပ်ပို့ကုန်ရပ်သလောက် ဖြစ်သွားတယ်။ နောက်ဆုံးတော့ စိုက်ပျိုးတောင်သူပဲ ထိတာပါ”လို့ ဆန်စပါး လုပ်ငန်းရှင်တယောက်က ပြောပါတယ်။

အခုထုတ်ပြန်ထားတဲ့ ညွှန်ကြားစာအရ  အမေရိကန်ဒေါ်လာနဲ့သာ တင်ပို့ခွင့်ရရှိမယ့် ပို့ကုန်သီးနှံ‎တွေထဲမှာ ဆန်၊ ပဲ ၊ပြောင်းနဲ့ ဆီထွက်သီးနှံတွေ ပါဝင်ပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်ရဲ့ ဒေါ်လဲငွေလဲနှုန်း နှုန်းသေ သတ်မှတ်ချက် ကျပ် ၁၈၅၀ နဲ့ ပြင်ပဒေါ်လာ ပေါက်စျေး ကွာဟချက်များနေတာကြောင့် ဒီညွှန်ကြားချက်က ကုန်သည်ရော၊ ပို့ကုန်သီးနှံ စိုက်ပျိုးတောင်သူတွေပါ ထိခိုက်နစ်နာစေတယ်လို့ ကုန်သည်တွေက ဆိုကြပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်ဟာ  အရင်က နယ်စပ်ကုန်သွယ်ရေးတွေမှာ တရုတ်ယွမ်ငွေနဲ့ ကျပ်ငွေ၊ ထိုင်းဘတ်ငွေနဲ့ ကျပ်ငွေ စသဖြင့် တိုက်ရိုက်ပေးချေခွင့်ပြုထားပေမဲ့ အခုအခါ ဆန်၊ ပဲ၊ ပြောင်းနဲ့ ဆီထွက်သီးနှံတွေကို  ကန်ဒေါ်လာနဲ့ ဆောင်ရွက်ဖို့ ပြန်လည် ညွှန်ကြားလာတာ ဖြစ်ပါတယ်။

ဒါ့အပြင် ပို့ကုန်စျေးနှုန်းသတ်မှတ်နှုန်းထားတွေကိုလည်း ပင်လယ်ရေကြောင်းကုန်သွယ်မှု သတ်မှတ်တဲ့ နှုန်းထားတွေနဲ့ တပြေးညီ ဖြစ်အောင် လုပ်ဆောင်သွားမယ်လို့လည်း ညွှန်ကြားထားပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၃ ရက်က ပို့ကုန်လိုင်စင်ကြေးနှုန်း တိုးမြင့်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ထိုင်း−မြန်မာနယ်စပ်ကုန်သွယ်ရေး ဂိတ်တွေက တဆင့် ပြောင်းတင်ပို့မှုကို ရုတ်တရက်  ယာယီပိတ်လိုက်လို့ နောက်ဆက်တွဲအနေနဲ့ပြောင်းကားတွေ လမ်းမှာပိတ်မိပြီးကုန်သည်တွေ အခက်ကြုံခဲ့ရပါတယ်။

3 hours Ago

February 9, 2022

ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံတန် ဘစ်ကွိုင်ဒစ်ဂျစ်တယ် ငွေကြေးခိုးယူမှု စုံစမ်းဖော်ထုတ်

အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံတန် ဘစ်ကွိုင် ဒစ်ဂျစ်တယ်ငွေကြေး အကြီးဆုံး ခိုးယူမှုကို ဖော်ထုတ်လိုက်ပြီလို့ အမေရိကန်တရားရေးဌာနက ဖေဖော်ဝါရီ ၈ ရက်မှာ ပြောပါတယ်။

သမိုင်းမှာ စံချိန်တင်လောက်တဲ့ ခိုးယူမှုဟာ ငွေကြေးခဝါချမှုနဲ့ ဖမ်းဆီးခံရတဲ့ ဇနီးမောင်နှံ အဖွဲ့နဲ့ရော ဒစ်ဂျစ်တယ် ငွေကြေးဖလှယ်ရေးကုမ္ပဏီ ဘစ်ဖိနက်ဇ်ကို ၂၀၁၆ တုန်းက ဆိုင်ဘာ ဖောက်ထွင်းမှုနဲ့ပါ ပတ်သက်နေတယ်လို့ အမေရိကန် တရားရေးဌာနက ပြောပါတယ်။

“နယူးယောက်မြို့ခံ အသက် ၃၀ ကျော်အရွယ် အီလီယာဒတ်ချ် လစ်တန်စတိုင်းနဲ့ ဟိသာမော်ဂန်တို့ ဇနီးမောင်နှံကို အင်္ဂါနေ့မနက်က မန်ဟန်တန်ရပ်ကွက်မှာ ဖမ်းခဲ့တယ်။ သူတို့ဟာ ဒေါ်လာ ၅၀၀ တန် ဝေါမတ်လက်ဆောင်ကတ်ကနေ ရွှေနဲ့ တခြား သင်္ကေတ မပါတဲ့ တိုကင်​ပြားတွေလို ပစ္စည်းတွေကို တရားမဝင် ထုတ်လုပ်နေခဲ့တယ်”လို့ အစိုးရရှေ့နေက ပြောပါတယ်။

ဖမ်းဆီးခံ အသက် ၃၁ နှစ်အရွယ် ဟိသာမော်ဂန်ဟာ ရက်ဇယ်ခန်းဆိုတဲ့ နာမည်နဲ့ ရက်ပ် အဆိုတော်အဖြစ် လူသိများတယ်လို့ ဆိုပါတယ်။

ဒါဟာ အမေရိကန်တရားရေးဌာနအနေနဲ့ အကြီးဆုံးဘဏ္ဍာရေး သိမ်းဆည်းရမိတဲ့အမှုပဲလို့ ဒုတိယ အစိုးရရှေ့နေချုပ် လဇ်ဇာမိုနာကိုက ပြောပါတယ်။

ဒစ်ဂျစ်တယ် ငွေကြေးတွေဟာ ရာဇဝတ်သားတွေအတွက် ဘေးကင်းရာ ကောင်းကင်ဘုံ မဟုတ်ဘူးလို့လည်း သူက ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။

5 months Ago
Up