မက္ကဆီကိုတောင်ပိုင်း ချီရာပတ်စ်ပြည်နယ်မှာ ထောင်နဲ့ချီတဲ့ လူတွေဟာ အောက်တိုဘာ ၂၉ ရက်က အမေရိကန်ပြည်ထောင်စုကို ဦးတည်ပြီး ရွှေ့ပြောင်းယာဉ်တန်းနဲ့ ခရီးဆက်ခဲ့ကြပါတယ်။
ရွှေ့ပြောင်းယာဉ်တန်းမှာ ဗဟိုအမေရိကနဲ့ ကာရေဘီယံဒေသမှ ရွှေ့ပြောင်းနေထိုင်သူတွေ လိုက်ပါလာပြီး ပြီးခဲ့တဲ့သီတင်းပတ်က အမေရိကန် သို့မဟုတ် မက္ကဆီကိုစီးတီးကို ရောက်ရှိဖို့ ကြိုးပမ်းတဲ့အနေနဲ့ တောင်ပိုင်းနယ်စပ်ကနေ ခပ်ဖြည်းဖြည်း ခရီးသွားနေတာဖြစ်ပါတယ်။
အဲ့ဒီအဖွဲ့ဟာ နံနက်စောစောမှာ အက်ကူအင်တလာမြို့ကနေ ထွက်ခွာလာခဲ့ပြီး အကာကိုယာဂူရာရှိ နောက်ထပ်ရပ်နားမယ့်နေရာကို ဦးတည်သွားခဲ့ပါတယ်။
အဲ့ဒီမှာ မက္ကဆီကန် ရွှေ့ပြောင်းနေထိုင်ရေး အရာရှိတွေက သူတို့ကို ရွေ့ပြောင်းယာဉ်တန်းကနေ ထွက်ခွာလာဖို့ ကမ်းလှမ်းခဲ့ပြီး မက္ကဆီကိုမှာ ယာယီ အခြေချ နေထိုင်ခွင့်ပြုမယ့် တရားဝင်စာရွက်စာတမ်းတွေနဲ့ လဲလှယ်ပေးမယ်လို့ ပြောထားပါတယ်။
ရွှေ့ပြောင်းယာဉ်တန်းထဲ လိုက်ပါလာသူတွေကတော့ ဒီအစီအစဉ်ကို ထောင်ချောက်လို့ ထင်မြင်ကြပါတယ်။
မက္ကဆီကိုနဲ့ အမေရိကန် အစိုးရတဘက်ဘက်က ဒီယာဉ်တန်းကိုဖျက်သိမ်းဖို့ဖြစ်ပြီး ရွှေ့ပြောင်း သွားလာသူတွေကို မက္ကဆီကိုရဲ့ ဒေသအသီးသီးကို ဘတ်စ်ကားတွေနဲ့ တင်ပေးလိုက်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ ဒီအစီအစဉ်အပေါ် မဲပေး ဆန္ဒခံယူကြပြီးနောက်မှာ ရွှေ့ပြောင်းနေထိုင်သူတွေက ငြင်းပယ်ခဲ့ကြပါတယ်။
အမေရိကန်အစိုးရဟာ ရွှေ့ပြောင်းနေထိုင်သူတွေကို အမေရိကန်နယ်စပ်ကို မရောက်ရှိခင် ထိန်းချုပ်ထားဖို့ မက္ကဆီကို ကို ဖိအားပေးထားပြီး မက္ကဆီကိုအာဏာပိုင်တွေကလည်း ကင်းလှည့်မှု တွေကို အရှိန်မြှင့်လုပ်ဆောင်ခဲ့ပါတယ်။
ဗဟိုအမေရိကနဲ့ ကာရေဘီယံဒေသတွေမှာ အကြမ်းဖက်မှုတွေနဲ့ ငတ်မွတ်မှုတွေ ကျယ်ပြန့် ကြီးထွားလာတဲ့ကြားမှာ ရွှေ့ပြောင်းအခြေချမှုတွေ မြင့်မားလာတဲ့အပေါ် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကို ရီပတ်ဘလီကန်တွေရဲ့ဝေဖန်မှုတွေမြင့်တက်နေပါတယ်။