close

အမေရိကန်ရက်ပ်အဆိုတော်

close

December 4, 2022

အမေရိကန်ရက်ပ်အဆိုတော် သေဆုံးမှု သံသယရှိသူကို ဖမ်းဆီး

နာမည်ကြီး အမေရိကန်ရက်ပ်ပါအဖွဲ့ Migos အဖွဲ့ဝင် တိတ်အော့ဖ်ပြီးခဲ့တဲ့လက ပစ်ခတ်ခံရပြီး သေဆုံးမှုအတွက် သံသယရှိသူတစ်ဦးကို ဖမ်းဆီးထားပြီဖြစ်ကြောင်း ဟူစတန်မြို့ရဲတပ်ဖွဲ့နဲ့ မြို့တာဝန်ရှိသူတွေက ပြောပါတယ်။ 

အသက် ၃၃နှစ်အရွယ် သံသယရှိသူ ပက်ထရစ် ဇေဗီယာ ကလာ့ခ်ကို ဒီဇင်ဘာလ ၂ ရက်၊ ညနေပိုင်းက ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပြီး လူသတ်မှုနဲ့ တရားစွဲဆိုထားကြောင်း ဟူစတန်ရဲဌာန အကြီးအကဲ ထရွိုင် ဖှင်နာက မြို့တော်ဝန် ဆီလ်ဗက်စ်တာ တာနာ အတူ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။ 

နောက်ထပ်တစ်ဦးဖြစ်တဲ့ အသက် ၂၂နှစ်အရွယ် ကင်မ်ရွန်း ဂျိုရွှာ  ကိုလည်း တရားမဝင် လက်နက်ကိုင်ဆောင်မှုနဲ့ ဖမ်းဆီး တရားစွဲဆိုထားတယ်လို့ သိရပါတယ်။ 

အသက် ၂၈ နှစ်အရွယ် ရက်ပ်ပါ ဖြစ်သူ တိတ်အော့ဖ် ဟာ ဟူစတန်၊ ဘိုးလင်း လမ်းကြားက ပါတီပွဲအပြီးမှာ နိုဝင်ဘာ ၁ ရက်က သေနတ်နဲ့ပစ်သတ်ခံခဲ့ရတာပါ။ 

ပစ်ခတ်မှုမှာ အခြားလူ ၂ ဦးလည်း ဒဏ်ရာရရှိခဲ့ပြီး ရဲတွေဘက်ကတော့ အကျိုးအမြတ်များတဲ့ အန်စာတုံးဂိမ်း ကစားရင်း အငြင်းအခုံဖြစ်ရာက စတင်ခဲ့တာလို့ ဆိုပါတယ်။ 

တိတ်အော့ဖ်ဟာ အံစာတုံးဂိမ်းမှာ ဝင်မကစားခဲ့သလို အပြင်က အငြင်းအခုံကိစ္စမှာလည်း မပါဝင်ခဲ့ပါဘူး။ 

သူဟာ လက်နက်လည်း မကိုင်ထားပဲ အပြစ်မရှိတဲ့ ရပ်ကြည့်သူသက်သက်ပါ လို့ ဟူစတန်ရဲအရာရှိ မိုက်ကယ် ဘာရိုးက မှတ်ချက်ချပါတယ်။ 

အခင်းဖြစ်တဲ့ ပါတီပွဲမှာရှိနေတဲ့ လူ ၃၀ ကျော်ဟာ ဒီဖြစ်ရပ်နဲ့ပက်သက်ပြီး ရဲတပ်ဖွဲ့ကို ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိတာကြောင့် စုံစမ်းစစ်ဆေးမှုက နှောင့်နှေးခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသူ "တိတ်အော့ဖ်" ဟာ အတ္တလန်တာအခြေစိုက် အဖွဲ့ဝင် ၃ ယောက် ပါဝင်တဲ့ အမေရိကန် နာမည်ကြီးရက်ပ်ပါအဖွဲ့ Migos ရဲ့ အဓိကအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး သူရဲ့သေဆုံးမှုကြောင့် တကမ္ဘာလုံး က ပရိသတ်တွေနဲ့ အတ္တလန်တာ ဟစ်ဟော့ပ်အသိုင်းအဝိုင်းကိုပါ ဝမ်းနည်းကြေကွဲစေခဲ့ပါတယ်။ 

15 mins Ago
Up