ယူကရိန်းသမ္မတကတော် အိုလီနာဇီလန်စကာဟာ ယူကရိန်းနိုင်ငံအတွက် အကူအညီတွေပိုမိုပေးအပ်ဖို့ ဇူလိုင် ၂၀ ရက်က အမေရိကန်လွှတ်တော်အမတ်တွေကို တောင်းဆိုလိုက်ပြီး သူ့နိုင်ငံဟာ ရုရှားကျူးကျော်မှုကို ၅ လကြာ တွန်းလှန်နေချိန်မှာ လက်နက်တွေက အောင်ပွဲရဖို့ အာမခံချက် ပေးနိုင်ကြောင်းလည်း ပြောကြားလိုက်ပါတယ်။
ယူကရိန်းသမ္မတကတော် ဇီလန်စကာက“ကျမက လက်နက်တွေ တောင်းနေတာက သူများပိုင်မြေကို စစ်ပွဲဆင်နွှဲရာမှာသုံးဖို့ လက်နက်တွေ မဟုတ်ပါဘူး။ ကိုယ့်အိမ် ကိုယ့်မြေကို ကာကွယ်ဖို့နဲ့ အဲဒီအိမ်မှာ အသက်ရှင်လျက် နိုးထခွင့်ရဖို့အတွက် လက်နက်တွေ တောင်းနေတာပါ” လို့ အမေရိကန် အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်က အမတ်တွေကို ဘာသာပြန်ကတဆင့် မိန့်ခွန်း ပြောသွားတာပါ။
ဂျာမနီမှာ ခြေတုလက်တု အသုံးပြုနည်းကို သင်ယူနေရတဲ့ ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် စစ်ပွဲကြောင့် သေဆုံး/ ဒဏ်ရာရခဲ့ရတဲ့ ကလေးငယ်တွေရဲ့ ဗီဒီယိုတွေကိုလည်း ပြသခဲ့ပါတယ်။
“ယူကရိန်းမှာ သူ့လို ကလေးဘယ်နှစ်ယောက် ရှိနေရပြီလဲ။ ဒီလိုမျိုး မိသားစု ဘယ်နှစ်စု စစ်ပွဲကြောင့် ပျက်စီးနေရပါသေးလဲ။ ဒါတွေဟာ ရုရှားရဲ့ Hunger Games တွေပါ”လို့ ယူကရိန်း သမ္မတကတော်က လူတွေအချင်းချင်း အမဲလိုက်ကြတဲ့အကြောင်း သရုပ်ဖော်ထားတဲ့ ကမ္ဘာကျော် ဝတ္ထုနဲ့ ရုပ်ရှင်စီးရီးစ်တွေကို ကိုးကားပြောသွားပါတယ်။
ကွန်ဂရက်လွှတ်တော်အမတ်တွေက နွေးနွေးထွေးထွေးတုံ့ပြန်ခဲ့ပြီး သူတို့ဟာ နောက်ထပ် လုပ်ပိုင်ခွင့်တွေပေးဖို့ အဆင်သင့်ပါပဲ လို့ ပြောကြားခဲ့ကြပါတယ်။
အမေရိကန်ဟာ ပြီးခဲ့တဲ့လက ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံ အပါအဝင် စစ်ပွဲ စတင်ကတည်းက ယူကရိန်းကို လုံခြုံရေးအကူအညီ ဒေါ်လာ ၈ ဘီလီယံ ထောက်ပံ့ပေးခဲ့ကြောင်း ဘိုင်ဒင် အစိုးရအဖွဲ့က ပြောကြားခဲ့ပါတယ်။