close

အမေရိကန်သမ္မတ ဘိုင်ဒင်

close

March 24, 2022

ရုရှားကျူးကျော်စစ်အရေး နေတိုး၊ အီးယူ ခေါင်းဆောင်များနှင့် သမ္မတဘိုင်ဒင် အရေးပေါ် ဆွေးနွေးမည်

ရုရှားရဲ့ ယူကရိန်းကို ဆက်လက်ကျူးကျော် တိုက်ခိုက်နေမှုအတွက် နေတိုး၊ G7၊ အီးယူအဖွဲ့ ခေါင်းဆောင်တွေနဲ့ အရေးပေါ် ဆွေးနွေးဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ကို မတ် ၂၃ ရက် ညက စတင်ရောက်ရှိလာပါတယ်။

ဘရပ်ဆဲလ်မြို့မှာ နေတိုးအဖွဲ့၊ ဥရောပခေါင်းဆောင်တွေနဲ့ ဆွေးနွေးပြီးနောက် ပိုလန်နိုင်ငံကိုသွားရောက်ကာ သမ္မတ အန်ဒရီ ဒူဒါနဲ့ တွေ့ဆုံမှာပါ။

သမ္မတ ဂျိုးဘိုင်ဒင်ဟာ မတ် ၂၄ ရက်နေ့ နေတိုးအဖွဲ့ အရေးပေါ် ထိပ်သီးအစည်းအဝေးမှာ  ဥရောပသမဂ္ဂ ၂၇ နိုင်ငံ ခေါင်းဆောင်တွေကို မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။

ရုရှားနိုင်ငံရေးခေါင်းဆောင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဆက်စပ်နေတဲ့ စီးပွားလုပ်ငန်းတွေ ပိတ်ဆို့မယ့်စာရင်းကို သမ္မတ ဘိုင်ဒင် ကြေညာလိမ့်မယ်လို့ အိမ်ဖြူတော်က သတင်းသမားတွေကို ပြောပါတယ်။

ရုရှားက ကျူးကျော်စစ်စခဲ့တာ လေးပတ်ရှိခဲ့ပေမယ့် ယူကရိန်း အဓိကမြို့ကြီးတွေကို မသိမ်းပိုက်နိုင်တာကြောင့် ဓာတုလက်နက်တွေ အသုံးပြုလာမှာကို အနောက်အုပ်စု ခေါင်းဆောင်တွေ စိုးရိမ်နေတာပါ။

ဘိုင်ဒင်က ယူကရိန်းမှာ ရုရှားနဲ့ တိုက်ရိုက်ပဋိပက္ခ မဖြစ်ပေမယ့် နေတိုးနယ်မြေတွေကို လုံးဝကာကွယ်သွားမယ်လို့ ကတိပေးထားတာပါ။

ဥရောပအရှေ့ခြမ်း နေတိုးအဖွဲ့ဝင်နိုင်ငံတွေဆီ အမေရိကန်တပ်တွေ ပိုလွှတ်ထားပါတယ်။

နေတိုးအဖွဲ့ဝင် ပိုလန်နိုင်ငံ ခရီးစဉ်အတွင်း ဘိုင်ဒင်က တပ်စွဲထားတဲ့ အမေရိကန်တပ်တွေနဲ့ တွေ့ဆုံပြီးနောက် ယူကရိန်းက ထွက်ပြေးလာတဲ့ ဒုက္ခသည် ထောင်ပေါင်းများစွာကို အကူအညီပေးဖို့ ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးမှာ ဖြစ်ပါတယ်။

1 min Ago
Up