close

အမေရိကန်သုတေသီ

close

April 20, 2023

ကြက်ငှက်တုပ်ကွေးရောဂါ အရေး‌ပေါ်ဆောင်ရွက်ရန် အမေရိကန်သုတေသီများ တောင်းဆို

ကမ္ဘာတဝန်းမှာ ကြက်ငှက်အကောင်ရေကို လျော့နည်းလာစေတဲ့ လက်ရှိ ကြက်ငှက်တုပ်ကွေး အမျိုးအစား H5N1 ဟာ အရင်က ရောဂါဖြစ်ပွားမှုထက် ဆိုးရွားစွာ ကွဲပြားနေပြီး အရေးပေါ် ဆောင်ရွက်မှုတွေ ပြုလုပ်ပေးဖို့ အမေရိကန်သုတေသီတွေက တောင်းဆိုနေကြပါတယ်။

မေရီလန်းတက္ကသိုလ်မှ အဖွဲ့တဖွဲ့က ဦးဆောင်တဲ့ လေ့လာမှုအရ ငှက်သန်းပေါင်းများစွာကို သေစေခဲ့တဲ့ လက်ရှိ ရောဂါအမျိုးအစားဟာ အရင်ဆယ်စုနှစ်တွေနဲ့ မတူဘဲ မကြုံစဘူး အရေအတွက်နဲ့ သေဆုံးနေကြတာကို တွေ့ရှိခဲ့ပါတယ်။

ဒီရောဂါဖြစ်ပွားစေတဲ့ ဗိုင်းရပ်စ်ပိုးကို တခါမှ မမြင်ဖူးဘူးလို့ လေ့လာမှုရဲ့ ပူးတွဲရေးသားသူနဲ့ မေရီလန်းတက္ကသိုလ်ရဲ့ သဘာဝပတ်ဝန်းကျင် သိပ္ပံနဲ့ နည်းပညာဌာနက လက်ထောက်ကထိက ဂျန်နီဖာ မူလီနက်စ်က ပြောပါတယ်။

၂၀၁၅ ခုနှစ် ကြက်ငှက်တုပ်ကွေး H5N8 နဲ့မတူဘဲ ၂၀၂၁ ခုနှစ် နှောင်းပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ H5N1 ဟာ တောရိုင်းငှက်တွေ အစုလိုက်အပြုံလိုက် သေဆုံးမှုကို ဖြစ်စေပြီး ဖယ်ရှားဖို့ ခက်ခဲတယ်လို့ မေရီလန်းတက္ကသိုလ်က ပါရဂူဘွဲ့လွန် သုတေသနပညာရှင် ဂျိုဟန်နာ ဟာဗေး က ပြောပါတယ်။

အမေရိကန်မှာ အိမ်မွေးကြက် ၅၈ သန်းခန့်ဟာ ကူးစက်သေဆုံးခဲ့ပြီး ကနေဒါမှာလည်း ၇ သန်းခန့် ကူးစက်ပျံ့နှံ့နေတယ်လို့ သုတေသီတွေက တွေ့ရှိခဲ့ကာ ကူးစက်မှုတွေဟာ အစုလိုက် အပြုံလိုက် ဖြစ်လာနိုင်ပြီး စားနပ်ရိက္ခာဖူလုံမှုနဲ့ စီးပွားရေးကို ထိခိုက်စေနိုင်တယ်လို့ သုတေသီတွေက သုံးသပ်ထားပါတယ်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလအထိ အမေရိကန်၊ ဗြိတိန်နဲ့ ဥရောပနိုင်ငံတွေမှာ ကြက်ငှက်‌တုပ်ကွေး ရောဂါကြောင့် ငှက် သန်း ၁၄၀ ကျော် သေဆုံးခဲ့ပြီး အမေရိကန်ရဲ့ နို့တိုက်သတ္တဝါ တချို့မှာလည်း အဆိုပါရောဂါပိုးကို တွေ့ရှိခဲ့ပါတယ်။

အဆိုပါရောဂါကြောင့် အမေရိကန်မှာ ကြက်ဥအပါအဝင် ကြက်နဲ့ ကြက်ထွက်ပစ္စည်း ဈေးနှုန်းဟာ ၆၀ ရာခိုင်နှုန်းလောက် မြင့်တက်ခဲ့ပါတယ်။

၂၀၂၃ ခုနှစ် အစောပိုင်းက အသက် ၁၃ နှစ်အရွယ် ကမ္ဘောဒီးယားကျောင်းသူတဦး ကြက်ငှက်တုပ်ကွေးရောဂါ H5N1 ဗိုင်းရပ်စ် ကူးစက်ခံရပြီး သေဆုံးခဲ့တာကြောင့် တိရစ္ဆာန်ကနေ လူသားတွေဆီကို ကူးစက်မှုတွေ ရှိလာနိုင်မှာလည်း စိုးရိမ်နေကြပါတယ်။

3 hours Ago
Up