မြန်မာ့ဒီမိုကရေစီအရေးမှာ ဦးဆောင်ပါဝင်လှုပ်ရှားခဲ့ကြတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာစာပေလောကမှာ ထင်ရှားတဲ့ စာရေးဆရာမကြီး လူထုဒေါ်အမာတို့ အပါအဝင် ရှေ့ ဆောင်မြန်မာအမျိုးသမီးတွေကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဂုဏ်ပြုကြောင်း ထုတ်ပြန်ထားပါတယ်။
တန်းတူညီမျှရေး၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးတို့အတွက် ရှေးမဆွကတည်းက ဦးဆောင်လှုပ်ရှားခဲ့ကြတဲ့ မြန်မာနိုင်ငံတွင်းက အမျိုးသမီးတွေနဲ့ မိန်းခလေးတွေကို မတ် ၈ ရက် ဒီကနေ့မှာ ကျရောက်တဲ့ အပြည် ပြည်ဆိုင်ရာအမျိုးသမီးများနေ့မှာ ဂုဏ်ပြုကြောင်း ထုတ်ပြန်ထားတာဖြစ်ပါတယ်။
အဲဒီထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ စာရေးဆရာမကြီး လူထုဒေါ်အမာ၊ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ စာရေးဆရာမ မသီတာ(စမ်းချောင်း)၊ မယ်တော်ဆေးခန်းတည်ထောင်သူ ဒေါက်တာစင်သီယာမောင်၊ ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူ မဝေဝေနု တို့အပါအဝင် ၁၁ ယောက်ကို ဖော်ပြထားခဲ့တာကို တွေ့ရပါ တယ်။
ဒီကနေ့မှာတော့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အနေနဲ့ နိုင်ငံတဝန်းမှာလည်း ဆွေးနွေးဟောပြောမှုတွေ ပြုလုပ်နေသလို အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတော်အာဏာကို မတရားသိမ်းယူခဲ့ပြီးနောက် အကြမ်းမဖက် အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှုတွေမှာရော လက်နက်ကိုင်တော်လှန်ရေးမှာပါ အမျိုးသမီးတွေ ပါဝင်လှုပ်ရှားနေကြတာ ဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က နောက်ဆုံး ထုတ်ပြန်ချက်မှာတော့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်တဲ့ မြန်မာ့နွေဦးတော်လှန်ရေး ၂ နှစ်ကျော် ကာလအတွင်း အကြမ်းဖက်စစ်တပ်က အပြစ်မဲ့ပြည်သူ ၃,၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့တယ်လို့ ပြောပါတယ်။
အဆိုပါ ကျဆုံးပြည်သူစုစုပေါင်းထဲမှာ ဖမ်းဆီးခံရပြီးနောက် သတ်ဖြတ်ခံရတဲ့ ရာခိုင်နှုန်းကတော့ ၃၄ ဒသမ ၆ ရာခိုင်နှုန်းထိ ရှိခဲ့ပြီး အမျိုးသမီးဦးရေ ၁၂ ဒသမ ၇ ရာခိုင်နှုန်းထိ ပါဝင်နေတာပါ။
ဒါ့အပြင် တော်လှန်ရေး ၂ နှစ်ကျော် ကာလအတွင်း ဖမ်းဆီးခံရသူတွေထဲမှာတော့ အမျိုးသမီးဦးရေ ၂၀ ဒသမ ၅ ရာခိုင်နှုန်းထိ ပါဝင်နေတယ်လို့ အေအေပီပီက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုရဲ့ အကျိုးဆက်အဖြစ် အသက်ဆုံးရှုံးခဲ့ရတဲ့ ပြည်သူ ၂,၉၀၀ ကျော်ကို ဂုဏ်ပြုကြောင်း ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက ထုတ်ပြန်လိုက်ပါတယ်။
အာဏာသိမ်းတဲ့အချိန်ကစပြီး စစ်အာဏာရှင်အဖွဲ့အစည်းကို သူတို့ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှုတွေအတွက် တာဝန်ယူမှု တာဝန်ခံမှုရှိစေဖို့ ကြိုးပမ်းအားထုတ်ရာမှာ အမေရိကန်ပြည်ထောင်စုက ဦးဆောင်ပါဝင်ပြီး စစ်လက်နက်နဲ့ လေယာဉ်ပစ္စည်းအဝယ်တော်တွေ အပါအဝင် လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကို အရေးယူနေတယ်လို့လည်း သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
တချိန်တည်းမှာပဲ အမေရိကန်အစိုးရဟာ ကနေဒါ၊ ဩစတြေးလျ၊ ယူကေနိုင်ငံတွေနဲ့ ပူးပေါင်းပြီး လေတပ်ဦးစီးချုပ်အပါအဝင် မြန်မာစစ်အုပ်စုဝင်နောက်ထပ် လူပုဂ္ဂိုလ် ၆ ဦးနဲ့ အဖွဲ့အစည်း ၃ ခုကို ပိတ်ဆို့ အရေးယူမှုတွေ ထပ်မံ လုပ်ဆောင်လိုက်ပါတယ်။
အရေးယူဒဏ်ခတ်ခံရသူတွေထဲမှာ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ကြံ့ခိုင်ရေးအမတ်ဟောင်းဦးလှဆွေ (ဘူးလက်လှဆွေ)၊ ဦးတေဇရဲ့ သမီး ထူးထွေးတေဇ (ခ) အဆိုတော်ရေချယ်တေဇ၊ စစ်ကောင်စီခန့် စွမ်းအင်ဝန်ကြီး ဦးမျိုးမြင့်ဦးစသူတို့ပါဝင်သလို၊ သတ္တုတွင်းလုပ်ငန်း ၂ ခုနဲ့ စစ်ကောင်စီဩဇာခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့ပါဝင်ပါတယ်။
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက်တိုက်ပွဲဝင်နေကြတဲ့ မြန်မာပြည်သူတွေကို အားပေးထောက်ခံရာမှာ နိုင်ငံတကာမိတ်ဖက်တွေနဲ့အတူ ဆက်လက် ဆောင်ရွက်သွားမယ်၊ အရပ်သားပြည်သူတွေအပေါ် ရက်ရက်စက်စက်အကြမ်းဖက်မှုတွေအဆုံးသတ်ဖို့နဲ့ ပြည်သူ့ဆန္ဒကို လေးစားဖို့ စစ်အာဏာရှင်ကို ဆက်လက် ဖိအားပေးသွားမယ်လို့လည်း အမေရိကန်သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုအနေနဲ့ ဘားမားအက်ဥပဒေပါဝင်တဲ့ အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေကို ၂၀၂၂ ဒီဇင်ဘာလမှာ သမ္မတဘိုင်ဒင်က အတည်ပြုလက်မှတ်ရေးထိုးခဲ့ပြီး မြန်မာအရေး ကူညီဆောင်ရွက်ပေးနေတာလည်း ဖြစ်ပါတယ်။
Photo-US Embassy