နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့ မြန်မာအာဏာသိမ်းစစ်ကောင်စီကို အမေရိကန်အထက်လွှတ်တော်အမတ်တွေက ဝိုင်းဝန်းတောင်းဆိုလိုက်ပါတယ်။
အမေရိကန်လွှတ်တော်အမတ်တွေဖြစ်တဲ့ ဘော့မနန်ဒက်ဇ် (ဒီမိုကရက်တစ်၊ နယူးဂျာစီ)၊ အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီရဲ့ ဥက္ကဋ္ဌလည်းဖြစ် အကြီးတန်းအဖွဲ့ဝင်လည်းဖြစ်တဲ့ ဂျင်မ်ရစ်ရှ် (ရီပတ်ဘလစ်ကန်၊ အီဒဟို)၊ ဘန်ကာဒင် (ဒီမိုကရက်တစ်၊ မေရီလန်း)၊ တော့ဒ်ယန်း (ရီပတ်ဘလစ်ကန်၊ အင်ဒီယားနား) တို့က မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်တာနဲ့ ပတ်သက်ပြီး ဇန်နဝါရီ ၂ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့တာဖြစ်ပါတယ်။
“မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ အစိုးရကို စစ်တပ်က ဖယ်ရှားပြီး ရက်စက်ကြမ်းကြုတ်စွာ အာဏာသိမ်းခဲ့တာ ၂ နှစ်ရှိခဲ့ပြီဖြစ်ပါတယ်။ သူတို့ရဲ့ ပြင်းထန်စွာ နှိပ်ကွပ်ဖြိုခွင်းမှုတွေကြောင့် အသက်ရှုံးခဲ့ရသူတွေကိုလည်း ကျနော်တို့ သတိရနေဆဲ ဖြစ်ပါတယ်။ ဒီနေ့မှာလည်း ကျနော်တို့က မြန်မာစစ်တပ်ရဲ့ ဆယ်စုနှစ်နဲ့ချီပြီး လူနည်းစု ရိုဟင်ဂျာတွေအပေါ် နှိပ်စက်ညှဉ်းပန်းမှုတွေနဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေကို သေဒဏ်ပေး သတ်ဖြတ်မှုတွေ အပါအဝင် အညှာတာမဲ့ သတ်ဖြတ်မှုတွေ၊ မြန်မာနိုင်ငံသားတွေအပေါ် နှိပ်စက်ညှဉ်းပန်းတာတွေကို ပြင်းပြင်းထန်ထန် ရှုတ်ချကန့်ကွက်ကြောင်း ထပ်ပြီးတော့ ပြောလိုပါတယ်။ ထို့အတူ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့ တညီတညာတည်း ဝိုင်းဝန်းတောင်းဆိုလိုက်ပါတယ်။” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်တာအကြာ စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း ပြည်သူ ၂,၉၅၀ နီးပါး သေဆုံးခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၇,၅၉၈ ယောက်ထိရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ထားတဲ့ ထောင်ဒဏ်စုစုပေါင်းဟာ အလုပ်ကြမ်း ၃ နှစ် အပါအဝင် ထောင်ဒဏ် ၃၃ နှစ်ရှိပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို ချမှတ်ထားတဲ့ ထောင်ဒဏ်ကတော့ စုစုပေါင်း ၁၂ နှစ် ရှိပါတယ်။
စစ်ကောင်စီခေါင်းဆောင်ဟာ အာဏာစသိမ်းခါစက ၁ နှစ်အတွင်း ရွေးကောက်ပွဲအသစ် ကျင်းပမယ်လို့ ပြောခဲ့ပေမဲ့ အခု အာဏာသိမ်း ၂ နှစ်ကြာချိန်အထိ ရွေးကောက်ပွဲအသစ် ကျင်းပနိုင်ခြင်း မရှိသေးဘဲ နောက်ထပ် အာဏာသက်တမ်း ၆ လထပ်တိုးထားကာ ရွေးကောက်ပွဲ ကျင်းပမယ်လို့လည်း ထပ်မံပြောဆို ပြင်ဆင်မှုတွေ လုပ်နေပါတယ်။
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အမေရိကန်အထက်လွှတ်တော်အမတ်တွေက “မြန်မာစစ်တပ်က ဒီနှစ်ထဲမှာ အယောင်ဆောင်ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်နေပေမဲ့ ဒီလုပ်ရပ်ကြောင့် မြန်မာနိုင်ငံသားတွေရဲ့ အမြင်မှာရော နိုင်ငံတကာရဲ့ အမြင်မှာပါ မြန်မာစစ်တပ်ဟာ တရားဝင်အစိုးရ ဖြစ်လာမှာမဟုတ်ပါဘူး။ မြန်မာစစ်တပ်ကို ဘုံသဘောတူညီချက် ၅ ချက်အတိုင်း လိုက်နာစေဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ ကြိုးပမ်းမှုနဲ့ အာဏာသိမ်းခေါင်းဆောင်တွေကို တရားဝင်အစိုးရအဖြစ် လက်မခံရေးအတွက် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့ ဆောင်ရွက်ချက်တွေကို ကြည့်ရင်လည်း ဒီအချက်က ထင်ရှားပါတယ်။” လို့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။
ဒါ့အပြင် အမေရိကန်ကွန်ဂရက်လွှတ်တော်ကနေလည်း မြန်မာနိုင်ငံသားတွေကို လူသားချင်းစာနာ အကူအညီတွေ ပေးရေးနဲ့ တရားမဝင် အာဏာရှင်တွေအပေါ် နိုင်ငံရေးနဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ ဆောင်ရွက်နိုင်ဖို့ ဘားမားအက်ကို အတည်ပြုပေးခဲ့ကြောင်း အဲဒီသဘောထားတွေအတိုင်း မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်တွေနဲ့ သူတို့နဲ့ဆက်နွှယ်တဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိတ်ဆို့အရေးယူခြင်းဖြင့် ဒီမိုကရေစီပြန်လည်ရရှိရေး ကြိုးပမ်းနေကြတဲ့ မြန်မာနိုင်ငံသားတွေဘက်က ရပ်တည်ကြောင်း၊ လူ့အခွင့်အရေးနဲ့ အရပ်သားအစိုးရအုပ်ချုပ်မှုကို လေးစားထောက်ခံကြောင်းလည်း အမေရိကန်အမတ်တွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်တဲ့ ဇန်နဝါရီ ၃၁ ရက်မှာပဲ အမေရိကန်အစိုးရက စစ်ကောင်စီဩဇာခံ ရွေးကောက်ပွဲကော်မရှင် အပါအဝင် အဖွဲ့အစည်း ၃ ဖွဲ့နဲ့ လူပုဂ္ဂိုလ် ၆ ယောက်တို့ကို ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်ခဲ့ပါတယ်။
အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ ကယ်ဗင်မက်ကာသီဟာ နွေဦးပေါက်ရာသီမှာ ထိုင်ဝမ်ကျွန်းကို လာရောက်နိုင်ကြောင်း သတင်းတွေ ထွက်ပေါ်နေတဲ့ကြားမှာပဲ ဇန်နဝါရီ ၃၀ ရက်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဟာ အမေရိကန်လွှတ်တော်အမတ်တွေကို ထိုင်ဝမ်နဲ့ တရားဝင် အပြန်အလှန် ဆက်ဆံခြင်းမပြုဖို့ တိုက်တွန်းခဲ့ပါတယ်။
ဇန်နဝါရီ ၃၀ ရက်မှာ Punchbowl သတင်းဌာနက ထုတ်ပြန်တဲ့ အစီရင်ခံစာအရ အခုနှစ်နှောင်းပိုင်းမှာ ထိုင်ဝမ်ကိုသွားရောက်မယ့် မက်ကာသီအတွက် ပင်တဂွန်က ပြင်ဆင်နေကြောင်း ဆွေးနွေးပွဲမှာ တိုက်ရိုက်ပါဝင်နေတဲ့ တာဝန်ရှိသူတဦးကို ကိုးကားပြီး ပြောကြားထားပါတယ်။
ဖြစ်နိုင်ခြေရှိတဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး မေးမြန်းရာမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်းက မက်ကာသီရဲ့နာမည်ကို တိုက်ရိုက်ဖော်ပြပြောဆိုတာ မရှိပါဘူး။
ထိုင်ဝမ်ဒေသနဲ့ သံတမန်ဆက်ဆံရေးရှိတဲ့ နိုင်ငံတွေအကြား တရားဝင် ဖလှယ်မှုပုံစံကို တရုတ်အစိုးရက အမြဲတမ်း ဆန့်ကျင်ခဲ့ကြောင်း မော်နင်းက ဖြေကြားပါတယ်။
ဒါပေမဲ့ သက်ဆိုင်ရာ အမေရိကန်လွှတ်တော်အမတ်တွေက တရုတ်တပြည်တည်း မူဝါဒနဲ့ တရုတ်-အမေရိကန် ပူးတွဲကြေညာချက် ၃ ရပ်ကို လိုက်နာမယ်လို့ မျှော်လင့်ကြောင်းနဲ့ တရုတ်-အမေရိကန် ဆက်ဆံရေးနဲ့ ထိုင်ဝမ်ရေလက်ကြားရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိခိုက်စေမယ့် လုပ်ရပ်တွေကို ရှောင်ကြဉ်မယ်လို့ မျှော်လင့်ကြောင်း မော်နင်းက ပြောပါတယ်။
မနှစ်က သြဂုတ်လမှာ အောက်လွှတ်တော်ဥက္ကဋ္ဌဟောင်း နန်စီပေလိုစီဟာ ၂၅ နှစ်အတွင်း ပထမဆုံးခရီးစဉ်အဖြစ် အမေရိကန်စစ်လေယာဉ်နဲ့ ထိုင်ဝမ်ကျွန်းကို လာရောက်ခဲ့တာပါ။ နန်စီပေလိုစီရဲ့ ထိုင်ဝမ်ကျွန်းခရီးစဉ်ကြောင့် တရုတ်နိုင်ငံကို ဒေါသထွက်စေခဲ့ပြီး ကျွန်းရဲ့မြို့တော်ကို ကျော်ပြီး တာဝေးပစ် ဒုံးကျည်တွေကို ပထမဆုံးအကြိမ် စမ်းသပ်ပစ်လွှတ်ခဲ့ကာ အမေရိကန်နဲ့ အဆက်အသွယ်ဖြတ်တောက်မှု လုပ်ဆောင် တုံ့ပြန်ခဲ့ပါတယ်။