close

အမေရိကန် ဒဏ်ခတ်

close

July 23, 2021

ကျူးဘားလုံခြုံရေးဝန်ကြီးနှင့် ပြည်ထဲရေး အထူးတပ်ဖွဲ့ဝင်များကို အမေရိကန် ဒဏ်ခတ်

ကျူးဘားမှာ ဒီလအစောပိုင်းက  အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုတွေကို ဖြိုခွင်းရာမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်တယ်လို့ စွပ်စွဲချက်တွေရှိတဲ့အတွက် ကျူးဘားလုံခြုံရေး ၀န်ကြီးနဲ့ ပြည်ထဲရေး၀န်ကြီးဌာန အထူးတပ်ဖွဲ့တွေကို ဇူလိုင် ၂၂ ရက်မှာ အမေရိကန်အစိုးရက  ဒဏ်ခတ်အရေးယူခဲ့ပါတယ်။

ဆယ်စုနှစ်တွေအတွင်း ကျူးဘားကိုတိုက်ခိုက်ဖို့ အကြီးမားဆုံး ဆန္ဒပြပွဲတွေအတွက် ပိုမိုကြီးမားတဲ့ ထောက်ခံမှုကိုပြသဖို့ အမေရိကန်ဥပဒေပြုအမတ်တွေနဲ့ ကျူးဘား - အမေရိကန် အသိုင်းအဝိုင်းတို့ကနေ တောင်းဆိုနေကြတာကြောင့် ခုလိုဒဏ်ခတ်အရေးယူမှုဟာ ကျူးဘား ကွန်မြူနစ်အစိုးရအပေါ် ဖိအားပေးဖို့ သမ္မတဂျိုးဘိုင်ဒင်အစိုးရရဲ့ ပထမဆုံး ထင်ထင်ရှားရှား လုပ်ဆောင်မှုလည်း ဖြစ်ပါတယ်။ 

အမေရိကန်ဘဏ္ဍာရေးဌာနကတော့ ဒီအရေးယူပိတ်ဆို့မှုတွေကို ပြည်ထဲရေး၀န်ကြီးဌာန လုံခြုံရေးအဖွဲ့ တခုလုံးနဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်တဲ့ လက်အောက်ငယ်သားတွေရဲ့ ခေါင်းဆောင်အဖြစ် တာဝန်ရှိတဲ့ တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့ ၀န်ကြီး ဗိုလ်ချုပ် အယ်လ်ဗာရိုလိုပက်ဇ်မီရာ တို့ကို ချမှတ်လိုက်တာလို့ ပြောကြားပါတယ်။

 ကျူးဘားနိုင်ငံခြားရေး၀န်ကြီး ဘရူနိုရိုဒရီဂွှက်ဇ်က ဒီဒဏ်ခတ်အရေးယူမှုကို အခြေအမြစ်မရှိ၊ ရန်လိုမှုအဖြစ် ပယ်ချလိုက်ကြောင်း သူ့ရဲ့တွစ်တာမှာ ပြောကြားထားပြီး အမေရိကန်ပြည်ထောင်စုကိုလည်း ဒီလိုလုပ်ဆောင်မှုတွေကို ကျင့်သုံးဖို့ "နေ့စဉ်ဖိနှိပ်မှုနဲ့ မူဝါဒပိုင်းအကြမ်းဖက်မှု” ဆိုပြီး ကိုယ်ပိုင်မှတ်တမ်း လုပ်ထားဖို့ တိုက်တွန်းလိုက်ပါတယ်။ 

ပြီးခဲ့တဲ့သီတင်းပတ်က ထောင်နဲ့ချီတဲ့ ကျူးဘားပြည်သူတွေဟာ အခြေခံကုန်ပစ္စည်း ရှားပါးမှုနဲ့ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုတွေ ဖြစ်ပေါ်စေတဲ့ စီးပွားရေးအကျပ်အတည်းကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတာပါ။

သူတို့ဟာ အစိုးရရဲ့ ကိုဗစ်-၁၉ ကူးစက်ရောဂါအပေါ် စီမံပုံနဲ့ ပြည်သူ့လွတ်လပ်ခွင့်တွေကို တားဆီးပိတ်ပင်တဲ့အပေါ် ကန့်ကွက်ဆန္ဒပြခဲ့ကြတာပါ။ ရာနဲ့ချီတဲ့ တက်ကြွလှုပ်ရှားသူတွေကိုလည်း ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

အမေရိကန်သမ္မတ ဘိုင်ဒင်ကတော့ ကတော့ သမ္မတဟောင်း ထရမ့်ပ်ရဲ့ ကျူးဘားမူဝါဒအချို့ကို ပယ်ဖျက်မယ်လို့ ၂၀၂၀ မဲဆွယ်လှုပ်ရှားမှုအတွင်းမှာ ကတိပြုခဲ့ပါတယ်။  

9 mins Ago

September 4, 2020

ICC ၏ တရားရေးဝန်ထမ်းအချို့ ကို အမေရိကန် ဒဏ်ခတ်

အမေရိကန်စစ်တပ်က အာဖဂန်နစ္စတန်မှာ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သလားဆိုတာ စုံစမ်း စစ်ဆေးတဲ့ နိုင်ငံတကာရာဇဝတ်မှုတရားရုံး ICC က ရှေ့နေ ဖာတူဘန်ဆူဒါကို စက်တင်ဘာ ၂ ရက်မှာ ပိတ်ဆို့ဒဏ်ခတ်လိုက်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပေအိုက ပြော လိုက်ပါတယ်။  “ICC တရားရေးအကြီးအကဲ ဖာကီဆို မိုချိုချိုကိုကိုလည်း သမ္မတ ဒေါ်နယ်ထရမ့်က ချ မှတ်တဲ့ ဒဏ်ခတ်မှုအောက်မှာ ဇွန်လက နာမည်ပျက် စာရင်းသွင်းလိုက်တယ်။ အဲဒီအတွက် ပိုင်ဆိုင်မှုတွေကို လွှဲပြောင်း ထုတ်ယူလို့ မရအောင် ပိတ်ဆို့ထားမှာဖြစ်ပြီး ခရီးသွားခွင့်ပါ တားမြစ် ပိတ်ပင်ထားတယ်” လို့ ပွန်ပေအိုက ဆက်ပြောပါတယ်။  ICC က အမေရိကန်ကို ဆက်ပြီး ပစ်မှတ်ထားနေလို့ ဝမ်းနည်းစွာနဲ့ နောက်ထပ်ခြေ တလှမ်းကို လှမ်းခဲ့ရတယ်လို့ ပွန်ပေအိုက သတင်းထောက်တွေကို ပြောပါတယ်။  ဒဏ်ခတ်ခံ ၂ ယောက်ကို ရုပ်ဝတ္ထုပစ္စည်းတွေ ဆက်ပြီး ထောက်ပံ့နေသူတွေ အဖွဲ့အစည်း တွေဟာလည်း အလားတူ ဒဏ်ခတ်ခံရလိမ့်မယ်လို့ ပွန်ပေအိုက ပြောပါတယ်။  အမေရိကန်အရာရှိတွေကို စုံစမ်းစစ်ဆေးဖို့ တရားရုံးရဲ့အားထုတ်မှုမှာ ပါဝင်တဲ့သူတွေ အတွက် ပြည်ဝင်ခွင့် ထုတ်ပေးမှု ကန့်သတ်မယ်လို့လည်း ပွန်ပေအိုက ပြောပေမယ့် သက်ရောက်ခံ တွေရဲ့ နာမည်ကိုတော့ သူက ထုတ်မပြောခဲ့ပါဘူး။  ဘန်ဆူဒါဟာ တာလီဘန်တွေ၊ အာဖဂန်စစ်တပ်နဲ့ အမေရိကန်တပ်တွေ အာဖဂန်မှာ စစ်ရာဇဝတ်မှု ကျူးလွန်သလားဆိုတာ စုံစမ်းစစ်ဆေးဖို့ တရားရုံးကို မတ်လက အခွင့်အာဏာ ပေးခဲ့ပါတယ်။  အမေရိကန်အစိုးရက သူ့ကို အရင်နှစ်က ပြည်ဝင်ခွင့် ရုပ်သိမ်းခဲ့ပေမယ့် ကုလသမဂ္ဂနဲ့ အမေရိကန်တို့ကြား သဘောတူညီချက်အရ သူဟာ နယူးယောက်မြို့မှာရှိတဲ့ ကုလလုံခြုံရေး ကောင်စီမှာ အစည်းအဝေးတက်ဖို့ ပုံမှန် ခရီးသွားနိုင်နေဆဲ ဖြစ်ပါတယ်။  
11 months Ago
Up