close

အမ်းမြို့

close

October 16, 2022

အမ်းမြို့တွင် ULA/AA တိုက်နယ်မှူးတဦး ပစ်ခတ်ဖမ်းဆီးခံရပြီး သေဆုံး

ရခိုင်ပြည်နယ် အမ်းမြို့နယ် ကဇူးကိုင်းအုပ်စုမှာ အောက်တိုဘာလ ၁၄ ရက်နေ့ မနက်က ULA/AA ရဲ့ တိုက်နယ်မှူးတာဝန်ခံ ကိုမျိုးမင်းဇော်(ခ)ပြားကြီးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သူတည်းခိုနေတဲ့နေရာကို လာရောက်ကာ သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ 

သူ့ကို ကဇူးကိုင်းရှိ စစ်ကြောရေးစခန်းကို ခေါ်ဆောင်သွားခဲ့ပြီးနောက် သေဆုံးသွားခဲ့တယ်လို့ အမ်းမြို့နယ် ဒေသခံ ၁ ဦးက ပြောပါတယ်။

အမ်းမြို့နယ်ဒေသခံတဦးက  “၁၄ ရက်နေ့ မနက် ၈ နာရီကျော်လောက်မှာ ကဇူးကိုင်းအုပ်စုရဲ့ ULA ရဲ့ တိုက်နယ်မှူးကို တောင်မော်ကျေးရွာက သူတည်းခိုနေတဲ့နေအိမ်ကို လာပြီးဖမ်းသွားတာပေါ့။ လာဖမ်းတုန်းက စွေ့ချောင်းဗျူဟာကုန်းက ဗိုလ်ကြီးဝင်းသူအောင်ရဲ့ကိုယ်ပိုင်ကားနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးပါလာတယ်။ သူတို့က ကဇူးကိုင်းတိုက်နယ်မှူးနေတဲ့ အိမ်ရှေ့မှာကားရပ်တယ်၊ အဲဒီအချိန်မှာ တိုက်နယ်မှူးဆိုက မသင်္ကာလို့ ထွက်ပြေးတဲ့အချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကားပေါ်ကဆင်းလာပြီး သေနတ်ပစ်တော့ တိုက်နယ်မှူးရဲ့ ဘယ်ဘက်လက်မောင်းကို ထိသွားပြီးတော့ အဖမ်းခံလိုက်ရတာပေါ့။ သူ့ကိုဖမ်းတဲ့အချိန်မှာ အဲဒီအနားမှာရှိတဲ့ လူ ၃ ယောက်ကို သေနတ်နဲ့ချိန်ပြီးတော့ ကဇူးကိုင်းမှာရှိတဲ့ စစ်ဆေးရေးဂိတ်ကို ခြိမ်းခြောက်ပြီး လိုက်ပို့ခိုင်းတယ်လို့ ပြောတယ်။ သူ့ကိုလိုက်ပို့ပြီးတော့ သိပ်မကြာဘူး ညနေ ၃ နာရီကျော်လောက်မှာ ဆုံးသွားပြီဆိုပြီးတော့ ကျနော်တို့ကြားရတယ်၊ ပြီးရင် အလောင်းကိုလည်း သူတို့ယူသွားတယ်ဆိုပြီး သိရတယ်” လို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ULA တိုက်နယ်မှူး ကိုမျိုးမင်းဇော်ဟာ အရပ်ဘက်အုပ်ချုပ်ရေးတာဝန်ခံ ၁ ဦးသာဖြစ်ပြီး အဖမ်းခံရချိန်မှာလည်း ဘာလက်နက်မှ မရှိပဲ စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။ 

သူရရှိတဲ့ ဒဏ်ရာဟာလည်း လက်မောင်းကို ထိသွားတာဖြစ်တဲ့အတွက်  သေလောက်တဲ့ ဒဏ်ရာမျိုး မဟုတ်ပဲ ဆေးကုသမှု တစ်စုံတစ်ရာ မရတာကြောင့် သေဆုံးသွားတာ ဖြစ်နိုင်သလို စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်ခံရပြီး သေဆုံးသွားတာလည်း ဖြစ်နိုင်တာကြောင့် စစ်ကောင်စီဟာ စစ်ရာဇတ်မှုတွေ၊ လူအခွင့်အရေး ချိုးဖောက်တာတွေကို ပြောင်ပြောင်တင်းတင်း လုပ်ဆောင်နေတာလို့ အမ်းမြို့နယ်က လူအခွင့်အရေး လှုပ်ရှားသူတဦးက ပြောပါတယ်။

ရခိုင်မှာ စစ်ကောင်စီတပ်နဲ့ ရခိုင့်တပ်တော်တို့ကြား တကျော့ပြန်တိုက်ပွဲပြင်းထန်လာချိန်မှာ စစ်ကောင်စီတပ်ဟာ ဒေသခံတွေကို သံသယနဲ့ ဖမ်းဆီး ညှဉ်းပန်းနှိပ်စက်တာတွေ၊ တိုက်ပွဲဖြစ်တဲ့နေရာတွေ မဟုတ်ပဲ အရပ်သားပြည်သူတွေ နေထိုင်တဲ့ နေရာတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တမင်ပစ်ခတ်မှုတွေကို ဆက်တိုက် လုပ်ဆောင်လာနေတယ်လို့လည်း ရခိုင်ဒေသခံတွေက ပြောဆိုနေကြပါတယ်။

12 hours Ago

September 12, 2022

အမ်းမြို့နယ်တွင် ရဲအရာရှိ ၁ ဦးကို စရဖက ဖမ်းဆီးစစ်ဆေးနေ

ရခိုင်ပြည်နယ်၊ အမ်းမြို့မရဲစခန်းက ဒု-စခန်းမှူး ရဲအုပ်သက်လှိုင်ကို စက်တင်ဘာ ၁၀ ရက်ညနေပိုင်းက စစ်ဖက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်(စရဖ)က ဖမ်းဆီးခဲ့ပြီး စစ်ဆေးနေတယ်လို့ ရဲနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့ ရဲအုပ်သက်လှိုင်ဟာ  အမ်းမြို့နယ၊  မွှာအုပ်စု ရေမသိမ်ကျေးရွာဇာတိ ရခိုင်တိုင်းရင်းသားတဦးဖြစ်တယ်လို့  သူနဲ့ နီးစပ်သူ တဦးက ပြောပါတယ်။

"ရဲအုပ်သက်လှိုင်ကို မနေ့က ညနေမှာ ဒု-တိုင်းမှူးရဲ့အမိန့်နဲ့ဆိုပြီး စရဖက ဖမ်းဆီးပြီး ခေါ်ယူ စစ်ဆေးနေတယ်လို့သိရတယ်။ ဘာကိစ္စကို ခေါ်ယူစစ်ဆေးနေတာကိုတော့ ကျနော်တို့လည်း မသိရသေးဘူး။ သူက အမ်းမြို့မ ရဲစခန်းမှာ ဒု-စခန်းမှူးအဖြစ်နဲ့ တာဝန်ထမ်းဆောင်နေတာ ဖြစ်တယ်။ အခုလို သူကို စရဖတွေက ဖမ်းဆီး စစ်ဆေးနေတာတွေကြောင့် အမ်းမြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေလည်း စိုးရိမ်နေကြတယ်။"

လက်ရှိ အခြေအနေအရ ပြည်သူလူထုတင် မလုံခြုံတော့တာမဟုတ်ဘဲ လုံခြုံရေးတပ်ဖွဲ့တွေအပါအဝင် စစ်ကောင်စီရဲ့ လက်အောက်ခံ ဝန်ထမ်းတွေလည်း စစ်ကောင်စီက  သံသယဖြစ်တယ်ဆိုရင် အချိန်မရွေး ဖမ်းဆီးနေတာကြောင့် မလုံခြုံတော့ဘူးလို့ ဒေသခံက ပြောပါတယ်။

ဖမ်းဆီးစစ်ဆေးခံနေရတဲ့ ရဲအုပ် သက်လှိုင်ဟာ ရန်ကုန်တိုင်း တာမွေရဲစခန်းမှာ စခန်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ တပ်တောင်မြို့မှာလည်း ယာယီစခန်းမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပါတယ်။

1 month Ago
Up