close

အမ်း

close

March 2, 2023

ရခိုင်ပြည်နယ် ၃ မြို့နယ်တွင် လေအားလျှပ်စစ်ထုတ်ရန် စစ်ကောင်စီနှင့် တရုတ်လက်မှတ်ထိုး

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ သံတွဲမြို့နယ်နဲ့ ဂွမြို့နယ်တို့မှာ မြန်မာနိုင်ငံရဲ့ ပထမဆုံးလေအားလျှပ်စစ် ထုတ်လုပ်ဖို့ တရုတ်ကုမ္ပဏီတွေနဲ့  စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်စွမ်းအားဌာနတို့ သဘောတူလက်မှတ်ထိုး လိုက်ပါတယ်။

မြန်မာနိုင်ငံသားပိုင် Primus Advanced Technologies (PRIMUS) ကုမ္ပဏီနဲ့ ဟောင်ကောင်အခြေစိုက် Asia Ecoenergy Development (AED) ကုမ္ပဏီ၊ တရုတ်နိုင်ငံပိုင် Yunnan Machinery and Equipment Import and Export ကုမ္ပဏီတို့ မေလ ၁ ရက် မနက်က နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနဝန်ကြီးရုံးမှာ သဘောတူညီမှုစာချွန်လွှာ (Memorandum of Agreement-MOA) ရေးထိုးခဲ့ကြ​တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

စွမ်းအင်အရင်းအမြစ်တွေ အကန့်အသတ်နဲ့သာရှိလို့ အမ်းမြို့နယ်မှာ လေအားလျှပ်စစ်စီမံကိန်း ၁၅၀ မဂ္ဂါဝပ်၊ ဂွမြို့နယ်မှာ လေအားလျှပ်စစ်စီမံကိန်း ၁၀၀ မဂ္ဂါဝပ်နဲ့ သံတွဲမြို့နယ်မှာ လေအားလျှပ်စစ်စီမံကိန်း ၁၁၀ မဂ္ဂါဝပ် စုစုပေါင်း ၃၆၀ မဂ္ဂါဝပ် ထုတ်ထုတ်ဖို့ လုပ်ဆောင်သွားမယ်လို့ စစ်ကောင်စီခန့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနဝန်ကြီး ဦးသောင်းဟန်က ထိုလက်မှတ်ရေးထိုးပွဲမှာ ပြောပါတယ်။

စာချုပ်ချုပ်ဆိုတဲ့ အခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချန်းဟိုင် ဦးဆောင်တဲ့အဖွဲ့လည်း  တက်ရောက်ခဲ့ကြတာပါ။

လျှပ်စစ်ကဏ္ဍမှာ ကမ္ဘာ့အကြီးဆုံးဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ လျှပ်စစ်ထုတ်ဖို့ ပေါကြွယ်ဝတဲ့ မြန်မာနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်တာဟာ နှစ်နိုင်ငံအတွက် အထူးအကျိုးဖြစ်ထွန်းပြီး ၂၀၃၀ ပြည့်နှစ်မှာ မြန်မာတစ်နိုင်ငံလုံး ပြည်တွင်းလျှပ်စစ်ဓါတ်အားဖူလုံရေးကို တရုတ်က ကူညီပံ့ပိုးဆောင်ရွက်သွားမယ်လို့  တရုတ်သံအမတ်က ပြောဆိုထားပါတယ်။

အဆိုပါ စီမံကိန်း သုံးခုကို  ၂၀၂၅ ခုနှစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်အောင် ဆောင်ရွက်သွားမှာဖြစ်ပြီး စီမံကိန်းသုံးခုအနက်  ဂွစီမံကိန်းအား ပထမအဆင့် ၅၀ မဂ္ဂါဝပ်အား အခု ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာ စတင်တည်ဆောက်ရေးလုပ်ငန်းတွေ စတင်မယ်လို့ ဆိုပါတယ်။

ဒီစီမံကိန်းက ထွက်ရှိလာတဲ့ လျှပ်စစ်ဓာတ်အား ၃၆၀ မဂ္ဂါဝပ်ကို ဒေသအကျိုးပြူလုပ်ငန်းတွေ အသုံးပြုသွားမယ်လို့  စစ်ကောင်စီဝန်ကြီး ဦးသောင်းဟန်ကပြောနေပေမဲ့ လက်ရှိ အရပ်သားတွေ အတွက်ပေးနေတဲ့ လျှပ်စစ်ဓာတ်အားမလုံလောက်တဲ့ကြားက စစ်ကောင်စီတပ်တွေအတွက် လျှပ်စစ်တွေသွယ်တန်းပေးနေရတာဖြစ်ပါတယ်။ 

ရခိုင်ပြည်နယ်မှာ ထုတ်လုပ်မယ့် လေအားလျှပ်စစ် စီမံကိန်းဟာ မြန်မာနိုင်ငံအတွက် ပထမဆုံး လေအားလျှပ်စစ်စီမံကိန်းဖြစ်ပြီး တရုတ်-မြန်မာ လျှပ်စစ်ကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှုရဲ့ ခြေလှမ်းသစ်စတင်ခြင်းဖြစ်တယ်လို့ ထုတ်ပြန်ချက်အရသိရှိရပါတယ်။

တရုတ်နိုင်ငံရဲ့ လေအားလျှပ်စစ် ထုတ်လုပ်နိုင်မှုပမာဏမှာ ကီလိုဝပ်နာရီ သန်း ၄၀၀ အထိ ရောက်ရှိနေပြီး ကမ္ဘာ့လေစွမ်းအင် ထုတ်လုပ်မှု စုစုပေါင်းရဲ့ သုံးပုံတစ်ပုံခန့်ရှိကာ ကမ္ဘာ့အဆင့် (၁) လေအားလျှပ်စစ် ထုတ်လုပ်သူအဖြစ် နှစ်ပေါင်းများစွာ ဆက်လက်ရပ်တည်နေတယ်လို့လည်း ဆိုပါတယ်။

12 mins Ago

November 15, 2022

အမ်းက ကျောင်းအုပ် ၁ ဦးနှင့် မအီမြို့က လုပ်ငန်းရှင် ၁ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

ရခိုင်ပြည်နယ် အမ်းမြို့နယ် ခရမ်းကျွန်းကျေးရွာက ကျောင်းအုပ်ဆရာကြီးတဦးနဲ့ မအီမြို့က စီးပွားရေးလုပ်ငန်းရှင်တဦးကို နိုဝင်ဘာ ၁၄ ရက်နေ့မှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ မိသားစုဝင်တွေနဲ့ ရင်းနှီးသူတွေက ပြောပါတယ်။

အမ်းမြို့နယ် င/လက်ကျေးရွာအုပ်စု ခရမ်းကျွန်းကျေးရွာ အလယ်တန်းကျောင်းခွဲက ကျောင်းအုပ် ဦးဇော်ဖြိုးဝေကို စစ်ကောင်စီတပ်ဖွဲ့ဝင်လို့ ယူဆရတဲ့ အရပ်ဝတ်နဲ့ လက်နက်ကိုင်တွေက နိုဝင်ဘာ ၁၄ ရက် နေ့လယ်ပိုင်းက ကျောင်းဝင်းထဲမှာ ဖမ်းဆီးသွားတာလို့ ကျောင်းအုပ်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“မနေ့က နေ့လယ် ၁ နာရီလောက်မှာ အရပ်ဝတ်နဲ့ လက်နက်ကိုင် ၅ ယောက်က ကျောင်းထဲဝင်ပြီး ဖမ်းဆီးတာဖြစ်တယ်။ ဖမ်းသွားတဲ့သူတွေက စစ်သားတွေလို့တော့ ပြောကြတယ်။ အခုထိ ဘယ်မှာထိန်းသိမ်းထားတယ်ဆိုတာ မသိရသေးဘူး။”

ဖမ်းဆီးခံလိုက်ရတဲ့ ကျောင်းအုပ် ဦးဇော်ဖြိုးဝေဟာ အမ်းမြို့နယ် ခွဆုံပြင်ဇာတိဖြစ်ပြီး ခရမ်းကျွန်းကျေးရွာမှာ တာဝန်ကျနေတာ ၂ နှစ်လောက် ကြာနေပြီလို့ ဆိုပါတယ်။

ဒါ့အပြင် တောင်ကုတ်မြို့နယ် မအီမြို့ အမှတ် ၂ ရပ်ကွက်က စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်တဲ့ ဦးထွန်းကြွယ်ကိုလည်း နိုဝင်ဘာ ၁၄ ရက်နေ့က တောင်ကုတ်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတယ်လို့ မိသားစုဝင်တဦးက ပြောပါတယ်။

“ဖမ်းဆီးခံလိုက်ရတာက ဟုတ်တယ်ဗျာ။ မနေ့က နေ့လယ် ၃ နာရီလောက်မှာ တောင်ကုတ်မှာ အဖမ်းခံလိုက်ရတာ ဖြစ်တယ်။ ဘယ်မှာထိန်းသိမ်းထားတယ် ဆိုတာတော့ မသိရသေးဘူး။”

ဖမ်းဆီးခံထားရတဲ့ ဦးထွန်းကြွယ်ဟာ ရွှေဇီးဇံကုမ္ပဏီလုပ်ငန်း၊ စက်သုံးဆီဆိုင်၊ ဘတ်ဖိုးလုပ်ငန်းတွေနဲ့ ကုန်စုံဆိုင်တွေရှိတယ်လို့ မအီမြို့ခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲတွေ ပြင်းထန်လာပြီးနောက် စစ်ကောင်စီက နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ လူမှုရေး တက်ကြွလှုပ်ရှားသူတွေကို လိုက်လံဖမ်းဆီးတာတွေ ရှိနေပါတယ်။

စစ်ကောင်စီက စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အရပ်သားတွေကို ဖမ်းဆီးမှုတွေလည်းရှိပြီး ငွေကြေးအမြောက်အမြားပေးမှ ပြန်လွှတ်ပေးတယ်ဆိုပြီး ဒေသခံတွေက ပြောဆိုနေကြပါတယ်။

4 months Ago
Up