close

အမျိုးသမီးတဦး

close

May 9, 2023

မိုင်းပေါက် ဆံပင်ညှပ်ဆိုင်တွင် ရောင်းစားခံရသည့် အမျိုးသမီးတဦး ထွက်ပြေးလွတ်မြောက်လာ

"ဝ"ဒေသ၊ မိုင်းပေါက်မြို့ရှိ Sinဆံ ပင်ညှပ်ဆိုင်မှာ ရောင်းစားခံရတဲ့ အမျိုးသမီးတဦး အုတ်တံတိုင်းကို ကျော်ခွပြီး ထွက်‌ပြေးလွတ်မြောက်လာတယ်လို့ သိရပါတယ်။ 

ပွဲစားဖြစ်သူ အစ်မဝမ်းကွဲရဲ့ အဆက်အသွယ်နဲ့ တလသိန်း ၇၀ ဝင်ငွေရတယ်ဆိုတာကြောင့် အလုပ်ကို လုပ်ကိုင်နိုင်ဖို့ မိုင်းပေါက်မြို့ကို ရောက်လာပြီးမှ ရောင်းစားခံရ‌တာကို  သိရပြီး ၅ ရက်အကြာမှာ ထွက်ပြေးလွတ်မြောက်လာတာလို့ ပဲခူးမြို့နေ ရောင်းစားခံရသူ မအေးဝင်း(အမည်လွှဲ) က ပြောပါတယ်။

မအေးဝင်းဟာ လစာ ၁ သိန်း ၂ သောင်းရတဲ့ ရန်ကုန်မြို့က ဆံပင်ညှပ်ဆိုင်မှာ လုပ်ကိုင်ခဲ့ပြီး လစာငွေ နည်းတာကြောင့် ပွဲစားဖြစ်သူ အစ်မဝမ်းကွဲကတဆင့် ဝင်ငွေကောင်းတဲ့ မိုင်းပေါက်မြို့မှာ လာရောက်လုပ်ကိုင်တာလို့ ဆိုပါတယ်။

မအေးဝင်းဆီက တရုတ်ယွမ်ငွေ ၃၀၀၀ နဲ့ အလုပ်ရှင်ဆီက ၂၀၀၀ စုစုပေါင်း တရုတ်ယွမ်ငွေ ၅၀၀၀ ကို ပွဲစားကရရှိပြီး ရန်ကုန်ကနေ မိုင်းပေါက်ထိ ကားခကိုလည်း တရုတ်ယွမ်ငွေ ၁၀၀၀ ပေးရတယ်လို့ ပြောပါတယ်။

ရောင်းစားခံရပြီး ပထမရက်နဲ့ ဒုတိယရက်ကိုတေ့ာ ဆံပင်ညှပ်ဆိုင်မှာ ဝင်လုပ်ခဲ့ရပြီးနောက် ပြည့်တန်ဆာလုပ်ဖို့ အတင်းစေခိုင်းခံရကြောင်း၊ မလုပ်နိုင်‌ရင် မြန်မာငွေ ၂၅ သိန်းအလျော်ပေးဖို့ ပြောလာတာကြောင့် ပို့‌တဲ့နေရာကို လိုက်သွားခဲ့ရတယ်လို့ မအေးဝင်းက ပြောပါတယ်။

အခန်းထဲမှာ ၃ ရက်လောက် နေခဲ့ရပြီး ဘာအလုပ်မှ မလုပ်ခဲ့ရဘဲ ထွက်ပြေးချိန်မှာ‌တေ့ာ ဖိနပ်မပါဘဲ ဖုန်းတလုံးနဲ့ တရုတ်ယွမ်ငွေ ၁ ထောင်ကိုသာ ယူဆောင်ခဲ့ရပြီး အဝတ်အိတ်နဲ့ ပါလာသမျှ ပစ္စည်းတွေကို ချန်ခဲ့ရတယ်လို့ ဆိုပါတယ်။

Sin ဆံပင်ညှပ်ဆိုင်ဟာ အမည်ခံသာဖြစ်ပြီး နောက်ကွယ်မှာ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) နဲ့ ပြည့်တန်ဆာလုပ်ငန်းတွေကို အဓိကလုပ်ကိုင်နေပြီး သူဌေးက တရုတ်လူမျိုး ဖြစ်ပါတယ်။

ပြည့်တန်ဆာနဲ့ ကျားဖြန့်အလုပ်မှန်းသိပြီး ရောက်လာကြတဲ့သူတွေရှိသလို အချို့က ပွဲစား‌တွေ လိမ်လည်ရောင်းစားတာကြောင့် ဘာအလုပ်မှန်း သေချာမသိဘဲ ရောက်လာကြတာ ဖြစ်ပါတယ်။

ဧပြီလ မတိုင်ခင်ကလည်း ကြိုးဆွဲချ အဆုံးစီရင်တဲ့သူ ရှိခဲ့ပြီး အချို့က ထွက်ဖို့ လျော်ကြေးငွေ မပေးနိုင်ဘဲ သူဌေးဆီက ငွေပြန်ချေးယူတာကြောင့် မလွတ်မြောက်နိုင်‌တေ့ာဘဲ ဆက်လုပ်‌နေကြရတာ ဖြစ်ပါတယ်။

အလုပ်ချိန်က မနက် ၂ နာရီကနေ ၅ နာရီအထိဖြစ်ပြီး နာရီဝက်ကို သူဌေးနဲ့အတူ မြန်မာငွေ တယောက် ၁ သိန်းစီနဲ့ မနက် ၂ နာရီက‌နေ ၅ နာရီထိ ဧည့်ခံနိုင်သူက သူဌေးနဲ့အတူ မြန်မာငွေ ၄ သိန်းကျပ်စီ ရပါတယ်။

မြန်မာအမျိုးသမီးတွေအပြင် တရုတ်နဲ့ ဗီယက်နမ်သူတွေလည်း ရှိနေပြီး အဲဒီအဆောက်အဦရှိတဲ့ လမ်း‌ဟာ လူတွေနဲ့ အမြဲစည်ကားနေပါတယ်။

မိုင်းပေါက်မြို့ကို အလုပ်လာလုပ်ချင်တဲ့ သူတွေကို ရောင်းစားခံရတဲ့ အခြေအနေက‌နေ ထွက်ပြေးလွတ်မြောက်လာတဲ့ မအေးဝင်းက "သေချာမေးမြန်းစုံစမ်းပြီးမှ သွားစေချင်တယ်။ ညီအစ်ကိုမောင်နှမတွေကိုလည်း မယုံရဘူး။ အစ်မဝမ်းကွဲက ဒီမှာပိုက်ဆံပိုရတယ်ပြောပြီး ခေါ်တာ။ ဆံပင်ညှပ်ဆိုင်မှာပဲ လုပ်ရမယ် ထင်နေတာ။ သေချာစုံစမ်းပြီးမှ သွားကြပါ"လို့ ပြောပါတယ်။

"ဝ"ဒေသ၊ မိုင်းပေါက်မြို့မှာ ကုန်ဈေးနှုန်း‌တွေ အရမ်းကိုမြင့်မားပြီး  ကျားဖြန့်ကုမ္ပဏီတွေ များစွာရှိသလို လူကုန်ကူးမှု အများဆုံးရှိတဲ့ မြို့လည်း ဖြစ်ပါတယ်။

34 mins Ago

May 2, 2020

အထက်လွှတ်တော်ရုံးက အမျိုးသမီးတဦးအား လိင်ပိုင်းစော်ကားခဲ့မှု စွပ်စွဲချက် ဂျိုးဘိုင်ဒင် ငြင်းဆို

အထက်လွှတ်တော်ရုံးမှာ  လက်ထောက်အဖြစ်  လုပ်ကိုင်ခဲ့ဖူးတဲ့ အမျိုးသမီးတဦးအား လိင်ပိုင်းစော်ကားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ဟာ မမှန်ကန်ဘူးလို့ ဒီမိုကရက် သမ္မတလောင်း ဖြစ်ဖွယ်ရှိတဲ့ ဂျိုးဘိုင်ဒင်က မေလ ၁ ရက်မှာ ပြောခဲ့ပါတယ်။   MSNBC  ရုပ်သံလိုင်း ရဲ့ မေးမြန်းချက်မှာ  ဂျိုးဘိုင်ဒင်က အဲဒီစွပ်စွဲချက်ဟာ  မမှန်ကန်ဘူးလို့  ပြောခဲ့သလို ဘယ်တုန်းကမှ  အဲဒီကိစ္စ မဖြစ်ခဲ့ပါဘူးလို့  ရုပ်သံအင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။  ကယ်လီဖိုးနီးယားပြည်နယ်က တာရာရိဒ်ဆိုသူ အမျိုးသမီးက  ဘိုင်ဒင်ဟာ  သူ့ကို လိင်ပိုင်းစော်ကားခဲ့တယ်ဆိုပြိး  မီဒီယာအင်တာဗျူးတစ်ခုမှာ စွပ်စွဲခဲ့ပါတယ်။   တာရာရိဒ်ဟာ  ၁၉၉၂  ဒီဇင်ဘာက နေ ၁၉၉၃ သြဂုတ်လအတွင်း  ဘိုင်ဒင်ရဲ့ အထက်လွှတ်တော်ရုံးမှာ  လက်ထောက်အဖြစ်  လုပ်ကိုင်ခဲ့ဖူးပါတယ်။  ဘိုင်ဒင်က သူ့အပေါ် တိုင်ကြားတဲ့ ကိစ္စကို မသိရှိသလို ဘယ်သူ့ကိုမှလည်း လျှို့ဝှက်ခိုင်းထားတာ မရှိဘူးလို့   အင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။  ရိဒ်ဟာ သူတို့ကို စိတ်မသက်သာဖွယ်ဖြစ်အောင် ဘိုင်ဒင်က ပွေ့ဖက်နမ်းရှုံ့တယ်လို့   ဖွင့်ပြောသူ အမျိုးသမီး ၈  ဦးထဲကတဦးဖြစ်ပါတယ်။   ဒါပေမဲ့ သူတို့ တဦးတယောက်ကမှ ဘိုင်ဒင်ကို  စွပ်စွဲတာ မလုပ်ခဲ့ဘဲ ရိဒ်ကသာ ပြီးခဲ့တဲ့ မတ်လတုန်းက ဘိုင်ဒင်ကို လူသိထင်ရှား စွပ်စွဲခဲ့တာပါ။  လာမယ့် နိုဝင်ဘာ ၃ ရက်  အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ  ရီပတ်ဘလီကန် သမ္မတ ထရမ့်ကို ရင်ဆိုင်မယ့် ဘိုင်ဒင်ဟာ  ဒီမိုကရက်ပါတီတွင်းမှာရော ပါတီပြင်ပမှာပါ အဲဒီစွပ်စွဲချက်ကို ဖြေရှင်းဖို့ ဖိအားပေးခံနေရတယ်လို့  ရိုက်တာသတင်းက ဆိုပါတယ်။
3 years Ago
Up