အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုနဲ့ သတ်ဖြတ်ခံရမှုတွေအတွက် တရားမျှတမှုကို တောင်းဆိုဖို့ မေ ၁၈ ရက်က မက္ကဆီကိုစီးတီးမှာ အမျိုးသမီးတွေ ဆန္ဒပြခဲ့ကြပါတယ်။
သမိုင်းဝင်မြို့တော်ရဲ့ မြို့လယ်ခေါင်မှာ သတ်ဖြတ်ခံရသူ အမျိုးသမီးတွေရဲ့ ဆွေမျိုးသားချင်းတွေ၊ လိင်အကြမ်းဖက်ခံရမှုမှ လွတ်မြောက်လာသူတွေဟာ ပျောက်ဆုံး သို့မဟုတ် သေဆုံးသွားရတဲ့ အမျိုးသမီးတွေရဲ့ ဓာတ်ပုံတွေကို ပြထားတဲ့ ကားစင်တွေနဲ့ ဆိုင်းဘုတ်၊ စာတန်းတွေကို ကိုင်မြှောက်ထားကြပါတယ်။
သမီးပျောက်မိခင် ဘီးထရစ်ဇ် ကော်ဆီယိုက "လမ်းတွေမှာ၊ ကျောင်းတွေမှာနဲ့ အိမ်မှာ အမျိုးသမီးတွေ၊ ဆယ်ကျော်သက်တွေ၊ မိန်းကလေးတွေ အကြမ်းဖက်ခံရမှုကြောင့် ခုလို ကျမတို့ လမ်းပေါ်ထွက်လာရတာဖြစ်ပြီး တရားမျှတမှုကို တောင်းဆိုနေရတာပါ" လို့ ပြောပါတယ်။
မက္ကဆီကိုမှာ ဒီနှစ်ရဲ့ ပထမ ၂ လတာအတွင်း အမျိုးသမီးဖြစ်လို့ အသတ်ခံရသူပေါင်း ၁၅၅ မှုရှိတယ်လို့ အစိုးရရဲ့ ရာဇဝတ်မှုစာရင်းတွေအရ သိရပါတယ်။ အမျိုးသမီးပေါင်း ၂၅,၀၀၀ နီးပါးလောက်ဟာ နိုင်ငံတွင်းမှာပဲ ပျောက်ဆုံးနေဆဲပါ။
နှစ်စဉ် လူသတ်မှုပေါင်း ၃၀,၀၀၀ လောက် ရှိနေတဲ့ မက္ကဆီကိုနိုင်ငံမှာ အမျိုးသမီး သတ်ဖြတ်ခံရမှုတွေနဲ့ ပျောက်ဆုံးမှုတွေဟာ ပိုမိုကျယ်ပြန့်တဲ့ အကြမ်းဖက်မှု အကျပ်အတည်းရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။
မက္ကဆီကို အစိုးရက မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းတွေကို စစ်ကြေညာပြီး အကြမ်းဖက်မှုတွေ အရှိန်မြှင့်လာခဲ့တဲ့ ၂၀၀၆ ခုနှစ်ကတည်းက လူပေါင်း ၈၅,၀၀၀ ကျော် ပျောက်ကွယ်သွားခဲ့ပါတယ်။