close

အမျိုးသမီးဝန်ထမ်း

close

December 26, 2022

အာဖဂန်တွင် အမျိုးသမီးဝန်ထမ်းများကို အလုပ်မဆင်းခိုင်းသဖြင့် အန်ဂျီအို ၄ ဖွဲ့က အကူအညီများ ဆိုင်းငံ့

အန်ဂျီအို အမျိုးသမီးဝန်ထမ်းတွေ အလုပ်မဆင်းဖို့ တာလီဘန်အစိုးရရဲ့ အမိန့်ကို တုံ့ပြန်တဲ့အနေနဲ့ Save the Children အပါအဝင် နိုင်ငံတကာ လူမှုအကူအညီပေးရေး အေဂျင်စီလေးခုက အာဖဂန်နစ္စတန်နိုင်ငံအတွင်း သူတို့ရဲ့ လူသားချင်းစာနာမှုဆိုင်ရာ အစီအစဉ်တွေကို ဒီဇင်ဘာ ၂၅ ရက်မှာ ဆိုင်းငံ့ထားလိုက်ပါတယ်။

တာလီဘန်အစိုးရအဖွဲ့က ပြည်တွင်းပြည်ပ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း (အန်ဂျီအို) တွေမှာ အမျိုးသမီးဝန်ထမ်းတွေ အလုပ်လုပ်ခွင့်မပြုဖို့ ဒီဇင်ဘာ ၂၄ ရက်မှာ ညွှန်ကြားထားပြီး ဒီလုပ်ရပ်ကို တကမ္ဘာလုံးက ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

တာလီဘန်တွေကတော့ အမျိုးသမီးတွေအတွက် သူတို့ရဲ့ အစ္စလာမ့်ဝတ်စားဆင်ယင်မှု  အနက်အဓိပ္ပါယ်ကို မလိုက်နာလို့ ခုလုပ်ရပ်က တရားမျှတတယ်လို့ ပြောပါတယ်။

အန်ဂျီအိုအဖွဲ့သုံးခုဖြစ်တဲ့ Save the Children၊ Norwegian Refugee Council နဲ့ CARE International တို့က တာလီဘန်အုပ်ချုပ်ရေးရဲ့ အမိန့်အပေါ် ရှင်းလင်းချက်ကို စောင့်နေလို့ သူတို့ရဲ့ အစီအစဉ်တွေကို ဆိုင်းငံ့ထားတယ်လို့ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။

အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေးကော်မတီ (IRC) ကလည်း အလားတူ အကြောင်းအရင်းတွေကို ကိုးကားပြီး အာဖဂန်နိုင်ငံတွင်း သူတို့ရဲ့ ဝန်ဆောင်မှုတွေကို ဆိုင်းငံ့ထားတယ်လို့ ကြေညာထားပါတယ်။

အာဖဂန် အမျိုးသမီးတွေနဲ့ ကလေးတွေအတွက် အကူအညီနဲ့ ဝန်ဆောင်မှုတွေရဖို့ အမျိုးသမီး ဝန်ထမ်းတွေက အရေးကြီးတယ်လို့ Save the Children International က လုပ်ငန်းလည်ပတ်ရေး အရာရှိချုပ် ​ဒေးဗစ် ရိုက်ထ်က ပြောပါတယ်။

“ခင်ဗျားမှာ အမျိုးသမီး ကျန်းမာရေးဝန်ထမ်း မရှိရင် အဲဒီလူတွေကို ထိတွေ့ခွင့်ရမှာ မဟုတ်ဘူး။ ဒါကြောင့် လုပ်ဖော်ကိုင်ဘက်တွေ အပြင်မထွက်နိုင်ရင် ကျနော်တို့ အလုပ်လုပ်လို့မရဘူး” လို့ သူက ဆက်ပြောပါတယ်။

ကုလသမဂ္ဂဟာ တာလီဘန်တွေနဲ့ စေ့စပ်ညှိနှိုင်းဖို့ ကြိုးပမ်းနေတယ်လို့လည်း သူက ပြောပါတယ်။

တောင်ထူထပ်တဲ့ အာဖဂန်နိုင်ငံရဲ့ လူဦးရေ ထက်ဝက်ကျော်က လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေကို မှီခိုနေရပြီး နိုင်ငံရဲ့ အအေးဆုံးရာသီမှာ သန်းနဲ့ချီတဲ့ လူတွေအတွက် အကူအညီတချို့ကို ဆိုင်းငံ့ထားတာလည်း ဖြစ်ပါတယ်။

ဒါဟာ စီးပွားရေးအကျပ်အတည်းကြားမှာ နောက်ထပ် ထောင်ပေါင်းများစွာသော အလုပ်နေရာတွေမှာ အမျိုးသမီးဝန်ထမ်းတွေကို ပိတ်ပင်လိုက်ခြင်းရဲ့ အကျိုးသက်ရောက်မှုကို မီးမောင်းထိုးပြခဲ့တာပါ။

ဒီဇင်ဘာ ၂၂ ရက်က အာဖဂန်နစ္စတန်နိုင်ငံက တာလီဘန် အုပ်ချုပ်ရေးအဖွဲ့က အမျိုးသမီးတွေကို အစ္စလာမ့် ဝတ်စားဆင်ယင်မှုရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို မလိုက်နာလို့ တက္ကသိုလ်တွေမှာ အမျိုးသမီးကျောင်းသူ တက်ရောက်ခွင့်ကို ပိတ်ကြောင်း ကြေညာခဲ့ပါတယ်။

2 hours Ago
Up