close

အမျိုးသမီး ဒိုင်လူကြီး ၃ ဦး

close

December 1, 2022

ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အမျိုးသမီး ဒိုင်လူကြီး ၃ ဦး ပထမဆုံးအကြိမ် ကြီးကြပ်တာဝန်ယူမည်

ဂျာမနီနဲ့ ကော့စတာရီကာအသင်းတို့ ဒီဇင်ဘာ ၁ ရက်နေ့ကန်မယ့် ကမ္ဘာ့ဖလား အုပ်စုပွဲစဉ်မှာ အမျိုးသမီးဒိုင်လူကြီးတွေ သီးသန့် ကြီးကြပ်သွားမယ့်အကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က ထုတ်ပြန်ပါတယ်။

ကွင်းလယ်ဒိုင်အဖြစ် တာဝန်ယူမယ့် ပြင်သစ်အမျိုးသမီး စတက်ဖနီ ဖရာပါ့တ်ဟာ ၉၂ နှစ်တာ သက်တမ်းရှိ အမျိုးသားကမ္ဘာ့ဖလား ဘောလုံးပွဲမှာ တာဝန်ယူမယ့် ပထမဆုံးအမျိုးသမီး အနေနဲ့ မှတ်တမ်းဝင်မှာပါ။

သူနဲ့အတူ ဘရာဇီးအမျိုးသမီး နူဇာဘက်နဲ့ မက္ကဆီကိုအမျိုးသမီး ကာရင် ဒီယေ့ဇ်တို့က စည်းကြပ်ဒိုင်အဖြစ် တာဝန်ယူမှာပါ။ သူတို့ ၂ ယောက်ကလည်း ကမ္ဘာ့ဖလား အမျိုးသားဘောလုံးပြိုင်ပွဲမှာ ပထမဆုံးတာဝန်ယူတဲ့ လက်တင်အမေရိက စည်းကြပ်ဒိုင်တွေအဖြစ် မှတ်တမ်းဝင်မှာ ဖြစ်ပါတယ်။

စတက်ဖ်နီ ဖရာပါ့တ်ဟာ အမျိုးသားဘောလုံးပွဲ Ligue 1 နဲ့ UEFA ဉရောပ ချန်ပီယံလိဂ် ပွဲတွေမှာလည်း ပထမဆုံး အမျိုးသမီးဒိုင်လူကြီးအဖြစ် တာဝန်ယူခဲ့ဖူးပါတယ်။

စည်းကြပ်ဒိုင် မက္ကဆီကိုအမျိုးသမီး ကာရင် ဒီယေ့ဇ်ဟာလည်း ပြီးခဲ့တဲ့နှစ်က အမျိုးသားဘောလုံးပွဲ ကွန်ကာကပ်ဖ် ချန်ပီယံပွဲစဉ်မှာ ပထမဆုံး အမျိုးသမီးဒိုင်လူကြီးအဖြစ် ဆောင်ရွက်ခဲ့ဖူးပါတယ်။

အမျိုးသမီးဒိုင် ၃ ယောက် ကြီးကြပ်မယ့် အဲဒီပွဲစဉ်မှာ ကွင်းပြင်ပ စတုတ္ထ​ဒိုင်ကတော့ ဟွန်ဒူးရပ်စ်အမျိုးသား ဆက်ဒ် မာတီနက်ဇ် ဖြစ်ပါတယ်။

ဖီဖာဘောလုံးအဖွဲ့ချုပ်က ကမ္ဘာ့ဖလားအတွက် အမျိုးသမီးဒိုင်လူကြီး ၆ ယောက် ရွေးချယ်ထားတဲ့အထဲမှာ ကွင်းလယ်ဒိုင်တွေအဖြစ် ပြင်သစ်အမျိုးသမီး စတက်ဖနီ ဖရာပါ့တ်၊​ ရဝမ်ဒါက ဆလီမာ မူကန်ဆန်ဂါ၊ ဂျပန်က ယိုရှီမီ ရာမာရှီတာ တို့နဲ့ စည်းကြပ်ဒိုင်တွေအဖြစ် ဘရာဇီးသူ နူဇာဘက်၊ မက္ကဆီကိုက ကာရင် ဒီယေ့ဇ်၊​ အမေရိကန်နိုင်ငံက ကက်သရင်း နက်စ်ဘစ်တို့ ဖြစ်ကြပါတယ်။

၂၀၂၂ ခုနှစ် ဖီဖာ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲအတွင်းမှာ အမျိုးသားဒိုင်လူကြီးက အယောက် ၁၀၀ ကျော် တာဝန်ယူကြီးကြပ်တဲ့အထဲမှာ အမျိုးသမီး ၆ ယောက် ပါဝင်လာခဲ့တာလည်း ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

3 hours Ago
Up