close

အမျိုးသမီး ၁ ဦး ဖမ်းဆီးခံရ

close

September 6, 2022

ဂန့်ဂေါမြို့တွင် အမျိုးသမီး ၁ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး

မကွေးတိုင်း၊ ဂန့်ဂေါမြို့မှာ အမျိုးသမီး တယောက်ကို PDF ထောက်ပံ့သူလို့ စွပ်စွဲပြီး စက်တင်ဘာလ ၅ ရက်မနက်ပိုင်းမှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဂန့်ဂေါမြို့ အမှတ် ၄ ရပ်ကွက်က မမေဇော်ဦး နေအိမ်ကို မနေ့မနက် ၉ နာရီလောက်မှာ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့တွေရောက်လာပြီး PDF တွေကို ငွေကြေးထောက်ပံ့တယ်လို့ စွပ်စွဲကာ မတရားဖမ်းဆီးသွားကြတာလို့  ဂန့်ဂေါမြို့ခံက ပြောပါတယ်။

မမေဇော်ဦးကို ဂန့်ဂေါမြို့မရဲစခန်း စစ်ကြောရေးကို ခေါ်ဆောင်သွားကြပြီး မိသားစုဝင်တွေကိုလည်း တွေခွင့်မပေးသလို အစားအသောက်နဲ့ အဝတ်အစားတွေကိုလည်း ပေးပို့ခွင့်မရဘူးလို့ ဆိုပါတယ်။

မြို့ခံတဦးက “စစ်(...)တွေကတော့ အပြစ်မဲ့ ပြည်သူတွေကို ခေါင်းစဥ်အမျိုးမျိုးတပ်ပြီး ဖမ်းဆီးနေကြတာဗျ။ ကျနော်တို့ ပြည်သူတွေကတော့ သူတို့ လက်ခုပ်ထဲကရေ ဖြစ်နေတာ။ တော်လှန်ရေးကြီး မြန်မြန်အောင်မြင်ပြီး အကြမ်းဖက်စစ်အုပ်စုတွေ အမြစ်ပြတ်မှပဲ ပြည်သူတွေ အေးအေးချမ်းချမ်းနေရမှာ” လို့ ပြောပါတယ်။

စစ်ကောင်စီက နိုင်ငံတော်အာဏာကို မတရားသိမ်းပိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ စက်တင်ဘာ ၅ ရက်အထိ နိုင်ငံတဝန်း  မတရားဖမ်းဆီးချုပ်နှောင်ခံထားရသူ ၁၂၂၅၂ ယောက်ရှိပြီး အဲဒီထဲက ၁၄၃၀ ယောက် ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က စက်တင်ဘာလ ၅  ရက်မှာ ထုတ်ပြန်ထားပါတယ်။

4 mins Ago

May 11, 2022

ဂန့်ဂေါမြို့ နှမ်းခါးရွာက အမျိုးသမီးငယ်တဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

မကွေးတိုင်း ဂန့်ဂေါမြို့ နှမ်းခါးရွာက ဒေသခံအမျိုးသမီးငယ်တစ်ယောက်ကို စစ်ကောင်စီတပ်တွေက မေ ၉ ရက်နေ့ မနက်ပိုင်းမှာ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဂန့်ဂေါမြို့ အမှတ် (၁) ရပ်ကွက် လမ်းဆုံဂိတ်မှာ မေ ၉ ရက်နေ့မနက်ပိုင်းက စစ်ကောင်စီ တပ်သားတွေနဲ့ ပူးပေါင်အဖွဲတွေက နှမ်းခါးရွာနဲ့ ဂန့်ဂေါမြို့ကို ပြေးဆွဲနေတဲ့ ခရီးသည်တင်ကားကို ရပ်တန့်ကာ လက်ကိုင်ဖုန်းတွေကို စစ်ဆေးပြီးနောက် နှမ်းခါးကျေးရွာက မနန္ဒာလှိုင်ကို ဖမ်းဆီးသွားကြတယ်လို့ ခရီးသည်တဦးက ဒီဗွီဘီကို ပြောပါတယ်။

“အဲဒီဂိတ်မှာက စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေ အများကြီးပဲဗျ။ လာသမျှကားတွေကို တားပြီးတော့ စစ်ကြတာ။ ကားပေါ်မှာပါလာတဲ့ လက်ဆွဲခြင်းတွေ၊ ခရီးဆောင်အိတ်တွေနဲ့ အထုပ်အပိုးတွေ အားလုံးကို မွှေနှောက်ရှာဖွေကြတာ။ ခရီးသည်တွေကိုလည်း အောက်ဆင်းခိုင်းပြီး လက်ကိုင်ဖုန်းက ဖေ့စ်ဘွတ်ခ်အကောင့်တွေကို ဖွင့်ခိုင်းပြီး စစ်ဆေးရာမှာ မနန္ဒာလှိုင်ရဲ့ အကောင့်ထဲမှာ နိုင်ငံရေး ပို့(စ်)တွေ တွေ့လို့ဆိုပြီး ဖမ်းဆီးသွားကြတာ။” 

စစ်ကောင်စီတပ်တွေဟာ ဂန့်ဂေါမြို့အတွင်း ခရီးသွားပြည်သူတွေရဲ့ လက်ကိုင်ဖုန်းတွေကို စစ်ဆေးပြီး အပြစ်မဲ့ပြည်သူတွေကို မကြာခဏ ဖမ်းဆီးခံနေတယ်လို့ ဆိုပါတယ်။

“ပြည်သူလူထုမှာ ဘာအခွင့်ရေး ဘာလွတ်လပ်ခွင့်မှ မရှိတော့ဘူး။ ခုပုံစံနဲ့ဆိုရင် တနေရာနဲ့ တနေရာ ခရီးသွားဖို့ကို သိပ်မလွယ်တော့ဘူး။ မိဘပြည်သူတွေအနေနဲ့လည်း ခရီးထွက်မယ်ဆိုတာနဲ့ ကိုယ့်ရဲ့ လက်ကိုင်ဖုန်းထဲက ဖေ့စ်ဘွတ်ခ်အကောင့်တွေ အပါအဝင် ဆော့ဝဲတွေကို ရှင်းလင်းပြီးမှ ခရီးသွားတာတွေပြုလုပ်ဖို့ အထူးအသိပေးချင်တယ်။” 

စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတခုမှာတော့ နှမ်းခါးရွာက နန္ဒာလှိုင်ရဲ့ လက်ကိုင်ဖုန်းကို လုံခြုံရေးတပ်ဖွဲ့တွေ စစ်ဆေးရာမှာ "စုဂရေစီ စုဂရေစီ " ဖေ့စ်ဘွတ်ခ် အကောင့်နဲ့ နိုင်ငံရေး ပို့(စ်)တင်တာတွေ၊ မျှဝေတာတွေ၊ PDF အကြမ်းဖက်အဖွဲ့နဲ့ ပတ်သက်ဆက်နွှယ်တဲ့ ပို့(စ်) တင်တာတွေတွေ့လို အကြမ်းဖက်ထောက်ခံအားပေးပြုလုပ်တဲ့ နန္ဒာလှိုင်ကို ဖမ်းဆီးခဲ့တာလို့ ဖော်ပြထားပါတယ်။

မကွေးတိုင်းဒေသကြီးအတွင်းက မြို့ဝင် မြို့ထွက်ဂိတ်တွေမှာ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေပူးပေါင်းပြီး ပိတ်ဆို့စစ်ဆေးတာတွေ ဆက်တိုက်ပြုလုပ်နေသလို မေ ၁ ရက်နေ့ကနေ ၁၀ ရက်နေအထိ ပြည်သူ အယောက် ၂၀ ထက်မနည်း လက်ကိုင်ဖုန်းစစ်ဆေးပြီး ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။

4 months Ago
Up