ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ နိုဝင်ဘာ ၃ ရက် ညနေပိုင်းက တက္ကသိုလ်ကျောင်းသူ တယောက် အပါအဝင် ဒေသခံအမျိုးသမီး ၃ ယောက်ကို PDF အဖွဲ့နဲ့ ဆက်စပ်တယ်လို့ စွပ်စွဲပြီး စစ်ကောင်စီကတပ်က ဖမ်းဆီးသွားပါတယ်။
တက္ကသိုလ်ကျောင်းသူ မသိမ့်အေးချမ်းနဲ့ မငြိမ်းအိဖြူကျော်နဲ့ မတင်စန္ဒာဝင်းတို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ ဒေသခံတွေဆီက သိရ ပါတယ်။
"သတင်းအရဆိုပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာဖမ်းသွားတာ။ PDFနဲ့ ဆက်သွယ်တယ်ဆိုပြီး ဖမ်းတာ။ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲထားတယ်လို့ ကြားတယ်”လို့ ဖမ်းဆီးခံ ရသူရဲ့ မိသားစုဝင်နဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
သံတွဲမြို့နယ်မှာ PDF အဖွဲ့နဲ့ ဆက်သွယ်ကြောင်း သံသယနဲ့ ဖမ်းဆီးခံရသူ ပြည်သူ ၅ ဦး အထိ ရှိပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည) နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ နာရေးပုံစံ ဆန္ဒပြလှုပ်ရှားခဲ့တဲ့ Video File တခုမှာ ပါဝင်တယ်ဆိုပြီး ပြည်မြို့က အမျိုးသမီး ၃ ဦးကို ဇူလိုင် ၄ ရက် ဒီကနေ့ မနက်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးသွားပါတယ်။
ဖမ်းဆီးခံရသူထဲက အသက် ၃၇ နှစ်အရွယ် အိမ်ထောင်သည်မိခင်တဦးဖြစ်တဲ့ ဒေါ်သန္တာလင်း နေထိုင်ရာ ပြည်မြို့၊ ပွင့်လှသိမ်ကုန်းရပ်ကွက်နေအိမ်မှာလာဖမ်းသွားတာဖြစ်ပါတယ်။
" ၁၀ နာရီခွဲဝန်းကျင်လောက်က အိမ်ထဲဝင်လာပြီး မသန္တာလင်းရှိလားမေးတယ်။ သူတို့က မသန္တာလင်းဆိုတာ ဘယ်သူမှန်းမသိဘူး။ အဲဒီအချိန် မသန္တာလင်းနဲ့အတူ သူ့အဖေရယ် ကောင်လေး ၂ ယောက်ရှိတယ်။ အဲဒီကောင်လေးတွေက မရှိဘူးပြောင်းသွားပြီလို့ ပြောလိုက်တော့။ အဲဒီမှာရှိနေတဲ့ မသန္တာလင်းကို ရဲကဓာတ်ပုံရိုက်ယူသွားပြီး၊ ကားထဲမှာရှိနေတဲ့လူတယောက်ကို သွားပြတယ်။ ပြီးတော့မှ မသန္တာလင်းမှန်းသိပြီး ပြန်လာဖမ်းတာ။ ဟိုကလေး ၂ ယောက်ကိုလည်း ရှိရဲ့သားနဲ့ လိမ်ပြောတယ်ဆိုပြီး ဖမ်းဖို့လုပ်တော့ မနည်းတောင်းပန်လိုက်ရတယ် " လို့ မိသားစုဝင်နဲ့ နီးစပ်သူက ပြောပါတယ်။
မဖမ်းဆီးခင် မနေ့က ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာမှာတင်ထားတဲ့ စစ်ကောင်စီခေါင်းဆောင် ရဲ့နာရေးပုံစံ Video File ရဲ့ အောက်မှာ အဆိုပါ Video File ကို ပြန်ဖျက်ဖို့နဲ့ အဲဒိအထဲမှာ ပါဝင်ခဲ့တဲ့လူတွေကိုဒုက္ခပေးမယ်ဆိုပြီး ချိန်းခြောက်ပြောဆိုခဲ့တဲ့ Comment လည်း တွေ့ရှိခဲ့တယ်လို့ ဒေသခံက ဆက်ပြောပါတယ်။
"ဖမ်းတာကတော့ မသန္တာလင်းနဲ့ နောက်အမျိုးသမီး ၂ ယောက် စုစုပေါင်း ၃ ယောက်ပေါ့၊ နောက် ၂ ယောက်ကတော့ နာမည်တွေမသိရသေးဘူး။ အဓိကတော့ အဲဒီ Video File ကို ပြန်တင်တာကနေစတာ။ အဲဒါကလည်း အာဏာသိမ်းခါစက ဆန္ဒပြထားတဲ့ Video ကြီး၊ အဲဒါကို မနေ့ကပုံစံမျိုးပြန်တင်ပြီး အဲဒီအထဲမှာပါတဲ့ လူတွေရဲ့ အိမ်ကို မီးလာရှို့မယ်လို့ လူတယောက်က ရေးထားတယ်။ လာဖမ်းတော့ ဘာကြောင့်ဖမ်းလဲမေးတော့ ဆန္ဒပြတဲ့အထဲမှာ ပါလို့ လို့ပြောသွားတယ်။" လို့ မိသားစုဝင်နဲ့ နီးစပ်သူက ဆိုပါတယ်။
ဖမ်းဆီးခံရသူ မသန္တာလင်းဟာ ၁၀ တန်းကျောင်းသူ သမီးတဦးရဲ့ မိခင်ဖြစ်ပြီး၊ သူ့ရဲ့ ခင်ပွန်းက မှန်လုပ်ငန်းလုပ်ကိုင်သူတဦးဖြစ်ကြောင်းနဲ့ လက်ရှိသူ့ကို ပြည်မြို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်ရဲ့ စစ်ကြောရေးမှာ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။