close

အမျိုးသမီး

close

May 11, 2023

ထိုင်ဝမ်စစ်တပ် အရန်တပ်ဖွဲ့တွင် အမျိုးသမီးများ ပိုမိုပါဝင်လာရန် သမ္မတ ဆိုင်အင်းဝမ် မျှော်လင့်

ထိုင်ဝမ်သမ္မတနိုင်ငံရဲ့ စစ်တပ်အရန်တပ်ဖွဲ့တွေမှာ အမျိုးသမီးတွေ ပိုမိုပါဝင်လာဖို့ မျှော်လင့်ကြောင်း သမ္မတ ဆိုင်အင်းဝမ်က မေ ၁၁ ရက်မှာ ပြောလိုက်ပါတယ်။

သမ္မတ ဆိုင်ဟာ မေ ၁၁ ရက်က နိုင်ငံရဲ့ အနောက်မြောက်ပိုင်းရှိ တောက်ယွမ်မြို့က အရန်တပ်ဖွဲ့ရဲ့ လေ့ကျင့်ရေးစခန်းကို သွားရောက်ခဲ့ပြီး အဲဒီမှာ အမျိုးသမီး အရန်တပ်ဖွဲ့ရဲ့ ပထမအသုတ် သီးသန့်သင်တန်းကို ပထမဦးဆုံးအကြိမ်အဖြစ် ဆန္ဒအလျောက် တက်ရောက်ခွင့် ပြုခဲ့ပါတယ်။

“ထိုင်ဝမ်ဟာ ဒီမိုကရေစီကိုကာကွယ်ဖို့ ရှေ့တန်းမှာ ရှိနေပြီးတော့ စည်းလုံးညီညွတ်ရမှာ ဖြစ်ပြီး ကျား မ မခွဲခြား၊ အားလုံးပါဝင်မှုနဲ့အတူ တိုင်းပြည်ကို ကာကွယ်ဖို့ဆိုတဲ့ ကျွန်ုပ်တို့ရဲ့ သန္နိဋ္ဌာန်ကို ကမ္ဘာကို သိမြင်ပါစေကြောင်း” လည်း သမ္မတ ဆိုင် က ပြောပါတယ်။

ထိုင်ဝမ်အစိုးရဟာ ဖြစ်နိုင်ချေရှိတဲ့ စစ်ပွဲအခြေအနေတွေကို ပိုပြီး လက်တွေ့ကျကျ ထင်ဟပ်စေဖို့ သူ့ရဲ့အင်အားကို တိုးမြှင့်ပြီး လေ့ကျင့်ခန်းတွေကို လိုက်လျောညီထွေဖြစ်အောင် သူ့ရဲ့ အရန်တပ်ဖွဲ့တွေ လေ့ကျင့်ရေးကို ပြုပြင်ပြောင်းလဲနေပါတယ်။

ဒီအရန်တပ်လေ့ကျင့်မှုကို စစ်သည်အစစ်တွေ၊ လက်နက်အစစ်တွေနဲ့ လုပ်ဆောင်နေတာကြောင့် လူတိုင်းဟာ ခံစစ်တိုက်ပွဲအတွင်း အခြေအနေ အမျိုးမျိုးအတွက် တပ်ဖြန့်ထားနိုင်ပါတယ်လို့ သမ္မတ ဆိုင် က ပြောပါတယ်။

သူ့ရဲ့မူကလည်း ဒေသန္တရတပ်ဖွဲ့တွေကို စုစည်းထားပြီးတော့ ပြည်တွင်းမှာ တိုက်ပွဲဝင်ဖို့ဖြစ်ပြီး အရန်တပ်ဖွဲ့လေ့ကျင့်ရေးမှာ ပါဝင်သူတိုင်း ကိုယ့်နေအိမ်ကိုယ် ကာကွယ်နိုင်စွမ်း ရှိသွားမယ်လို့လည်း ဆိုပါတယ်။

“ဒီလေ့ကျင့်ရေးမှာ ပါဝင်ခဲ့တဲ့ အမျိုးသမီး အရန်ဝန်ထမ်းတွေရဲ့ အတွေ့အကြုံတွေကို ဆက်စပ်အစီအစဉ်တွေအတွက် ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ ကာကွယ်ရေးဝန်ကြီးဌာန ကိုလည်း တောင်းဆိုချင်ပါတယ်” လို့လည်း ထိုင်ဝမ်သမ္မတ ဆိုင် က ပြောသွားပါတယ်။

10 mins Ago

May 6, 2023

လှည်းတန်းတွင် YBS ဘတ်စ်ကားတက်ကြိတ်မိပြီး အမျိုးသမီး ၁ ဦး သေဆုံး

ရန်ကုန်၊ ကမာရွတ်မြို့နယ်၊ အင်းစိန်လမ်းမကြီး၊ လှည်းတန်းမှတ်တိုင်အနီးမှာ မေ ၆ ရက် မနက်ပိုင်းက ကားလမ်းကူးတဲ့ အမျိုးသမီး တယောက်ကို YBS 61  ဘတ်စ်ကားက တက်ကြိတ်ခဲ့တာကြောင့် သေဆုံးသွားတယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။

မနက် ၉ နာရီခွဲလောက်က လှည်းတန်း၊ ဦးထွန်းလင်းခြံလမ်းဘက်ကနေ လမ်းတစ်ဖက်ကို ကားလမ်းကူးရာကနေ အင်းစိန်ဘက်ပြန်မယ့် YBS 61 က မီးပွိုင့်ကို ဖြတ်မောင်းလာချိန် ဝင်တိုက်မိတာပါ။ 

လှည်းတန်း၊ အင်းစိန်လမ်းမပေါ်မှာ လူကူးခုံးကျော်တံတားရှိပေမဲ့ စစ်ကောင်စီဘက်က ဖြတ်သန်းခွင့် ပိတ်ထားတာကြောင့် ယာဉ်ကြောရှုပ်တဲ့ လမ်းမပေါ်မှာ လမ်းဖြတ်ကူး နေကြရပါတယ်။

မြို့ခံကယ်ဆယ်ရေးအသင်း တာဝန်ခံက "ကောင်မလေးက လမ်းဖြတ်ကူးရင်းနဲ့ YBS က အရှိန်မထိန်းနိုင်ဘဲ တိုက်မိသွားတာ၊ သူက ကားအောက်ထဲရောက်သွားပြီး ခါးကြိတ်မိသွားတာ၊ အသက် ၁၈ လောက်ပဲ ရှိမယ်" လို့ ဆိုပါတယ်။

သေဆုံးသူဟာ တောင်ဒဂုံမြို့နယ်၊ ၁၉ ရပ်ကွက်‌နေအသက် ၁၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဖြစ်တယ်လို့ သိရပြီး ယာဉ်တိုက်မှုကြောင့် ကားရှေ့ဘီးထဲ ခါးဝင်သွားကာ လည်ဂုတ် ထိခိုက် ဒဏ်ရာနဲ့ သေဆုံးသွားတယ်လို့ သိရပါတယ်။

သေဆုံးသူရဲ့ မိသားစုဝင်တွေနဲ့ အဆက်အသွယ် ရရှိထားပြီး YBS 61 ယာဉ်မောင်းကို ကမာရွတ်မြို့နယ်ရဲစခန်းမှာ စစ်ဆေးနေတယ်လို့ သိရတဲ့အပြင် ရုပ်အလောင်းကို ရန်ကုန်ဆေးရုံကြီး ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။

YBS 61 ဟာ လှိုင်သာယာမြို့နယ် အနောက်ပိုင်း တက္က သိုလ်ကနေ ဆူးလေအထိ အင်းစိန်လမ်းမကို ဖြတ်သန်းပြေးဆွဲတဲ့ ယာဉ်လိုင်းဖြစ်ပြီး လူသေဆုံးထိခိုက်မှုအ တွက် ယာဉ်လိုင်းဘက်က ဘယ်လို ဆောင်ရွက်ပေးမလဲ မသိရသေးပါဘူး။ 

၂၀၂၃ ဧပြီ ၃၀ ရက်ကလည်း မင်္ဂလာဒုံမြို့နယ်၊ ပုလဲလမ်းဆုံအနီးမှာ လမ်းဖြတ်ကူးသူ စက်ရုံဝန်ထမ်းတစ်ဦးကို YBS 92 က ဝင်တိုက်ခဲ့လို့ လူသေဆုံးခဲ့ပါတယ်။

5 days Ago
Up