close

အမျိုးသားညီညွတ်ရေးအစိုးရ

close

February 14, 2023

NUG ဝါရှင်တန်ဒီစီရုံး စတင်ဖွင့်လှစ်၊ NUG နှင့် မိတ်ဖက်အဖြစ် ရပ်တည်မည်ဟု အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးပြော

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ မိတ်ဖက်တွေအဖြစ် ရပ်တည်သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အရပ်သားလုံခြုံရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စအဇရာဇီယာက ပြောကြားလိုက်ပါတယ်။

ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၁၃ ရက် ညနေပိုင်းက အမေရိကန်ပြည်ထောင်စု၊ မြို့တော်ဝါရှင်တန်ဒီစီ၊ ၁၅ လမ်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဌာနရုံးကို   အခမ်းအနားနဲ့တရားဝင် စတင်ဖွင့်လှစ်ရာမှာ အမေရိကန်အစိုးရရဲ့ ကိုယ်စားလှယ်အဖြစ် လက်ထောက် နိုင်ငံခြားရေးဝန်ကြီးက တက်ရောက်ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။

NUG ရုံးခန်းဖွင့်ပွဲကိုတက်ရောက်လာတဲ့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စအဇရာဇီယာက  မြန်မာစစ်အုပ်စုရဲ့လုပ်ရပ်တွေကို လက်မခံနိုင်ကြောင်းနဲ့  NUG ရဲ့မိတ်ဖက်အဖြစ် ဆက်လက်ရပ်တည်သွားမယ်လို့ ပြောဆိုခဲ့တာပါ။

NUG နဲ့ အမေရိကန်အစိုးရ၊ လွှတ်တော်တို့ရဲ့ ခိုင်မာတဲ့ဆက်ဆံရေးကောင်းတွေ တည်ဆောက်နိုင်ဖို့ ကောင်းမွန်တဲ့အလားအလာတွေရှိလာပြီလို့ NUG ဦးဆောင်သူတွေကလည်း ပြောပါတယ်။

ရုံးဖွင့်ပွဲအခမ်းအနားကို  NUG နိုင်ငံခြားရေးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၊ ဒုဝန်ကြီး ဦးမိုးဇော်ဦး၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း၊   ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ ၊ ဆက်သွယ်ရေး၊ သတင်းနှင့် နည်းပညာဝန်ကြီးဌာနဝန်ကြီး ဦးထင်လင်းအောင်၊ သမ္မတရုံးပြောခွင့်ရှိသူ ဦးကျော်ဇော်၊ NUG အစိုးရအဖွဲ့ဝင်တွေနဲ့ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေ တက်ရောက်ခဲ့ ပါတယ်။

5 mins Ago

October 6, 2022

“နွေဦးရန်ကုန်ပရောဂျက်မြေကွက်များ” ရာနှုန်းပြည့်နီးပါး ရောင်းချထားရ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စီမံဆောင်ရွက်နေတဲ့ အာဏာရှင်အဆုံးသတ်နိဂုံး The End of Dictatorship-EOD အစီအစဉ် Spring Yangon Investment ပရောဂျက်ကနေ မြေကွက်တွေ ရောင်းချနေရာမှာ ရာခိုင်နှုန်းပြည့်နီးပါး ရောင်းချထားရတယ်လို့ ထုတ်ပြန်ပါတယ်။

ဒီပရောဂျက်မှာတော့ နွေဦးမော်ကွန်းသစ်စီမံကိန်း-သံသုမာရဲ့ မြေကွက်တွေအားလုံးဟာ အချိန် ၂ ရက်မပြည့်ခင်မှာ ရောင်းကုန်သွားခဲ့ပြီး လက်ရှိမှာတော့ နွေဦးရိပ်မွန်-မင်းဓမ္မ မြေကွက်တွေဟာလည်း အကွက် ၁၀၀ ဖော်ဆောင်ရာမှာ ၉၃ ရာခိုင်နှုန်းထိ ရောင်းချအောင်မြင်ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

NUG အစိုးရဟာ အာဏာရှင်အဆုံးသတ်နိဂုံး The End of Dictatorship-EOD အစီအစဉ်ရဲ့ နွေဦးရိပ်မွန်-မင်းဓမ္မနဲ့ နွေဦးမော်ကွန်းသစ် စီမံကိန်း-သံသုမာတို့ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်ကမှ စတင်ရောင်းချခဲ့တာ ဖြစ်ပါတယ်။

အာဏာရှင်နိဂုံး အဆုံးသတ်ဖို့အတွက် အရေးကြီးတဲ့ တော်လှန်ရေးရန်ပုံငွေတွေ ရရှိနိုင်ဖို့ အများပြည်သူကို ရောင်းချပေးမယ့် ဒီစီမံကိန်းတွေအတွက် ဝယ်ယူသူတွေအနေနဲ့ မြေပိုင်ဆိုင်ခွင့် ရရှိမှာဖြစ်ပြီး ကာလပေါက်စျေးရဲ့ ၃ ပုံ ၁ ပုံလောက် တန်ဖိုးနဲ့သာ ရောင်းချပေးသွားမှာ ဖြစ်တဲ့အပြင် ငွေပေးချေမှုကိုလည်း တော်လှန်ရေးကာလအတွင်းနဲ့ တော်လှန်ရေးကာလအပြီး ၂ ပိုင်းခွဲ ပေးသွင်းရမယ်လို့ ဆိုပါတယ်။

တော်လှန်ရေးကာလအပြီး စီမံကိန်းစတင်တဲ့ အချိန်မှာတော့ လမ်း၊ ရေ၊ လျှပ်စစ်မီး၊ ကလေးကစားကွင်း၊ ပန်းခြံနဲ့ စည်ပင်သာယာ ဝန်ဆောင်မှုတွေကို တည်ဆောက်ပေးသွားမှာ ဖြစ်ပြီး အိမ်ကိုတော့ ဝယ်ယူသူကနေ ဆောက်လုပ်ရေးစံနှုန်းတွေနဲ့အညီ စိတ်ကြိုက် ဆောက်ယူရမှာဖြစ်တယ်လို့ ဖော်ပြပါတယ်။

နွေဦးရိပ်မွန် စီမံကိန်းကတော့ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် တော်ဝင်လမ်းနဲ့ မင်းဓမ္မလမ်းဆုံမှာ တည်ရှိမှာဖြစ်ပြီး မျက်နှာချင်းဆိုင်မှာ ဝိတိုရိယဆေးရုံနဲ့ တခြား စည်ကားတိုးတက်နေတဲ့ စီးပွားရေး အချက်အချာနေရာတွေနဲ့ လူနေရပ်ကွက်တွေ တည်ရှိပြီး ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ကားနဲ့ ၇ မိနစ်လောက်သာ ကွာ‌ဝေးမှာ ဖြစ်ပါတယ်။

နွေဦးမော်ကွန်းသစ် စီမံကိန်းကိုတော့ မရမ်းကုန်းမြို့နယ်၊ သံသုမာလမ်းမပေါ် (ပါရမီလမ်းအကျော်) လက်ရှိ တပ်မတော်လေ့ကျင့်ရေး သင်တန်းကျောင်းနေရာမှာ ဖော်ဆောင်မှာဖြစ်ကာ ဧက ၂၂၀ လောက် ကျယ်ဝန်းပြီး ငမိုးရိပ်ချောင်းဘေးမှာ တည်ရှိပါတယ်။

မြေကွက်ဈေးနှုန်းတွေအနေနဲ့ နွေဦးရိပ်မွန်-မင်းဓမ္ဓမှာ ပေ ၆၀ x ပေ ၈၀ မြေကွက်ကို အမေရိကန်ဒေါ်လာ ၁၆၀,၀၀၀ သတ်မှတ်ထားပြီး နွေဦးမော်ကွန်းသစ် စီမံကိန်း-သံသုမာမှာတော့ ပေ ၆၀ x ပေ ၈၀ မြေကွက်ကို အမေရိကန်ဒေါ်လာ ၆၄,၀၀၀၊ ပေ ၄၀ x ပေ ၆၀ မြေကွက်ကို အမေရိကန်ဒေါ်လာ ၃၂,၀၀၀ စီ အသီးသီးသတ်မှတ်ထားတယ်လို့ ဖော်ပြပါတယ်။

ဝယ်ယူလိုတဲ့ ပြည်သူတွေအနေနဲ့ တဦးချင်းဝယ်ယူလိုတဲ့ အရေအတွက် အကန့်အသတ်မရှိဘဲ စုပေါင်းပြီးတော့လည်း ဝယ်ယူနိုင်မှာဖြစ်ကာ သတ်မှတ်စျေးနှုန်းရဲ့ ၄၀ ရာခိုင်နှုန်းကိုသာ တော်လှန်ရေးကာလတွင်း ပေးသွင်းရမှာ ဖြစ်ပါတယ်။ ကျန်တဲ့ ၆၀ ရာခိုင်နှုန်းကိုတော့ တော်လှန်ရေး အောင်မြင်ပြီးနောက် စီမံကိန်းတွေ စတင်အကောင်အထည်ဖော်တဲ့ အချိန်မှသာ ပေးသွင်းရမှာဖြစ်ပြီးတော့ တော်လှန်ရေးကာလတွင်း ပေးသွင်းရမယ့်ငွေကိုလည်း ၃ လအတွင်း အရစ်ကျ ခွဲသွင်းနိုင်မယ်လို့ ဆိုပါတယ်။

ပြည်တွင်းနဲ့ နိုင်ငံတကာ EOD ကိုယ်စားလှယ်တွေကတဆင့် ဝယ်ယူနိုင်မယ့် အသေးစိတ် အချက်အလက်တွေကိုတော့ မကြာခင် ထုတ်ပြန်ပေးသွားမှာဖြစ်ကာ ဒီမတိုင်ခင်ကလည်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရန်ကုန်မြို့ အမှတ် ၁၄၊ အင်းယားလမ်း နေအိမ်ကို အပြီးသတ် ရောင်းချနိုင်ခဲ့ပြီး ဒုတိယပရောဂျက်အဖြစ် ရန်ကုန်မြို့ ၆ မိုင်ခွဲ Inya View နေရာကိုလည်း လတ်တလော ရောင်းချနေပါတယ်။

ဒါ့အပြင် အာဏာရှင်အဆုံးသတ်နိဂုံး The End of Dictatorship-EOD အနေနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရား ရယူသိမ်းပိုက်ထားတဲ့ တခြားသော အိမ်နဲ့ အဆောက်အအုံတွေ၊ စစ်ကောင်စီ ခေါင်းဆောင်တွေ မတရားပိုင်ဆိုင်ထားတဲ့ အိမ်ခြံမြေတွေကို တခုပြီးတခု ကြိုပွိုင့်နဲ့ ရောင်းချပြီး တော်လှန်ရေးအတွက် အရေးတကြီး လိုအပ်နေတဲ့ ဘဏ္ဍာရန်ပုံငွေတွေကိုလည်း ဆက်လက်ရှာဖွေသွားမယ်လို့ ပြောထားပါတယ်။

4 months Ago
Up