close

အမြင့်မားဆုံး လုပ်ခလစာ

close

December 31, 2022

စီရော်နယ်ဒို ဆော်ဒီကလပ် အယ်လ်နက်ဆာအသင်းကို ပြောင်းရွှေ့၊ ကမ္ဘာ့ဘောလုံးသမိုင်းတွင် အမြင့်မားဆုံး လုပ်ခလစာရမည်

ကမ္ဘာ့ဘောလုံးအကျော်အမော် ပေါ်တူဂီအသင်းခေါင်းဆောင် ခရစ္စတီယာနိုရော်နယ်ဒိုဟာ ဆော်ဒီကလပ် အယ်လ်နက်စ်ဆာအသင်းကို ၂ နှစ်ခွဲစာချုပ်နဲ့အတူ  ၂၀၂၅ ခုနှစ် မတိုင်ခင်အထိ ပြောင်းရွှေ့တော့မယ်လို့  ဒီဇင်ဘာ ၃၀ ရက်က နှစ်ဖက် အတည်ပြုခဲ့ပါတယ်။  

ဒီအပြောင်းအရွှေ့ကြောင့် ရော်နယ်ဒိုဟာ စီးပွားရေးအရ သဘောတူညီချက်အပါအဝင် တစ်နှစ် လုပ်ခလစာ ယူရိုငွေ သန်း ၂၀၀ အထိ ရရှိမှာဖြစ်ပြီး ဒါဟာ ကမ္ဘာ့ဘောလုံးသမိုင်းမှာ အမြင့်မားဆုံး လုပ်ခလစာ တရပ် ဖြစ်လာမှာပါ။ 

အယ်လ်နက်စ်ဆာအသင်းရဲ့ ဆိုရှယ်မီဒီယာပို့စ်ထဲမှာ "ကမ္ဘာ့အကြီးကျယ် အခမ်းအနားဆုံး အားကစားသမားဟာ အယ်လ်နက်စ်ဆာအသင်းနဲ့ တရားဝင် လက်မှတ်ရေးထိုးခဲ့ပြီ" လို့ ဆိုပါတယ်။ 

ရော်နယ်ဒိုဘက်က ကိုယ်စားလှယ်တွေကတော့ ချက်ခြင်း မှတ်ချက်ပေးတာ မရှိသေးပါဘူး။ အသက် ၃၇ နှစ်အရွယ် ရော်နယ်ဒိုဟာ ပရီးမီယားလိဂ်အသင်းကြီးတစ်သင်းဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းကနေ ပြီးခဲ့တဲ့လက ထွက်ခွာခဲ့ပြီး အသင်းလက်မဲ့ ဖြစ်နေတာပါ။

နာမည်ကြီး ဗြိတိန်ရုပ်သံ တင်ဆက်သူ ပီးယာ့စ်မော်ဂန်နဲ့ အင်တာဗျူးအစီအစဉ်မှာ ရော်နယ်ဒိုက မန်ယူကလပ်အသင်းအနေနဲ့ သူ့အပေါ် သစ္စာဖောက်သလို ခံစားခဲ့ရပြီး အသင်းနည်းပြ ဖြစ်သူ ဒတ်ချ်လူမျိုး အဲရစ်ခ် တန်းဟက်ကလည်း သူ့အပေါ် လေးစားမှုမရှိဘူးလို့ ပြောဆိုခဲ့ပြီးနောက် မန်ယူနိုက်တက်အသင်းနဲ့ လမ်းခွဲခဲ့တာပါ။ 

မကြာသေးမီကမှ ပြီးဆုံးခဲ့တဲ့ ကာတာကမ္ဘာ့ဖလားမှာ ရော်နယ်ဒိုက အုပ်စု-H ပြိုင်ဘက် ဂါနာအသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့ရာ ပန်နယ်တီကတဆင့် ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ကမ္ဘာ့ဖလား ၅ ကြိမ်ဆက် ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ်  မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ 

ကွာတားဖိုင်နယ်အဆင့်မှာတော့ ရော်နယ်ဒိုရဲ့ ပေါ်တူဂီအသင်းဟာ မော်ရိုကိုအသင်းကို ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။ 

အသက် ၄၀ အရွယ်မှာ ကစားသမားဘဝကနေ အနားယူဖို့ ရည်ရွယ်ထားတဲ့ ရော်နယ်ဒိုက ကာတာကမ္ဘာ့ဖလားဟာ သူ့အတွက် နောက်ဆုံးကမ္ဘာ့ဖလားဖြစ်နိုင်တယ်လို့လည်း ပြောဆိုခဲ့ ဖူးပါတယ်။ 

ရော်နယ်ဒိုဟာ လီယွန်နယ်မက်ဆီနဲ့အတူ ကမ္ဘာ့ဘောလုံးဇာတ်ခုံမှာ အကြီးကျယ်ဆုံး ကစားသမားတွေအဖြစ် ဆယ်စုနှစ် ၂ ခုနီးပါး ရပ်တည်နိုင်ခဲ့ပြီးနောက် ဒါဟာ သူရဲ့နောက်ဆုံး အပြောင်းအရွှေ့ ဖြစ်လာနိုင်ဖွယ်ရာ ရှိပါတယ်။

5 mins Ago
Up