ရုရှားက ယူကရိန်းနိုင်ငံအပေါ် ကျူးကျော်တိုက်ခိုက်လာချိန်ကစလို့ စစ်ပွဲကြောင့် အမြင်အာရုံချို့တဲ့သူ ယူကရိန်းနိုင်ငံသားတွေအတွက်လည်း နေ့စဉ်ဘဝ ရှင်သန်နေထိုင်မှုကို ပိုလို့ အခက်အခဲဖြစ်စေပါတယ်။
စစ်ပွဲစတင်တဲ့ခြောက်လတာအချိန်အတောအတွင်း ရုရှားတွေရဲ့ဗုံးကြဲမှုကြောင့်ပျက်စီးဆုံးရှုံးမှုတွေကို ကြားသာကြားနေရပြီး မမြင်ရတဲ့အတွက် အခဲအခက်ဖြစ်နေတာလို့ ကာကစ်ဗ်မြို့ အရှေ့ပိုင်းအရပ်က အမြင်အာရုံချို့တဲ့နေသူ အသိုင်းအဝိုင်းထံက သိရပါတယ်။
မပေါက်ကွဲသေးတဲ့ ခဲယမ်းတွေ၊ ဒါမှမဟုတ် ချွန်ထွက်နေတဲ့အရာတွေကို နင်းမိမှာကို စိုးရိမ်တဲ့အတွက် တတ်နိုင်သလောက် တခါတလေမှသာ အိမ်ပြင်ထွက်လေ့ရှိတယ်လို့ အမြင်အာရုံချို့တဲ့သူတယောက်ဖြစ်တဲ့ ဗစ်တာဆိုလော့ဗ်ယာနင်းကိုးက ပြောပါတယ်။
“ဖြစ်နိုင်ခြေများတာက ပေါက်ကွဲနိုင်တဲ့အရာတစ်ခုကို နင်းမိသွားနိုင်တယ်။ ကြောက်စရာကောင်းတယ်၊ တကယ်ကိုကြောက်စရာကောင်းပါတယ်။ အပြင်ထွက်ရတာ ကျနော့်အတွက် အန္တရာယ်များတယ်။ အလုပ်သွားတာနဲ့ပြန်တာနဲ့ကို လမ်းကြောင်းတစ်ခုပဲသုံးတယ်။ မြို့ထဲမှာဟိုဒီသွားလာဖို့ကို အတတ်နိုင်ဆုံးရှောင်တယ်။ အန္တရာယ်တအားများလို့ပါ။”
သူဟာ ရုရှားမကျူးကျော်ခင်က ယူကရိန်းမျက်မမြင်အဖွဲ့အစည်းကတာဝန်ယူထားတဲ့ နေစရာအမိုးအကာပေးထားတဲ့ ဘော်ဒါဆောင်မှာ နေထိုင်နေပြီး အဲဒီအဆောင်မှာ သူအပါအဝင် လူ ၆၀ ရှိပါတယ်။
အခုအခါမှာတော့ မှီခိုနေထိုင်သူအများစုဟာ ပြည်ပနိုင်ငံတွေဆီကို ထွက်ပြေးသွားကြပြီး ၁၈ ယောက်သာ ကျန်ရှိနေတာပါ။
ဆိုလော့ဗ်ယာနင်းကိုးဟာ အဆောင်နံရံတွေကို ထိပြီးတည်းခိုခန်းအကြောင်း လမ်းပြနိုင်တဲ့အပြင် မီးပူတိုက်တာလိုမျိုးအလုပ်တွေကိုလည်း လုပ်ဆောင်နိုင်သူပါ။ အဆောင်မှာနေထိုင်နေတဲ့သူ့လိုပဲ ဘဝတူ နာတာလီယာနဲ့ အတူဝေမျှစားသောက်ပါတယ်။
စစ်ပွဲကြောင့် ရှုပ်ထွေးပြီး ဖရိုဖရဲဖြစ်နေတဲ့ အမြင်အာရုံချို့တဲ့နေတဲ့ နာတာလီယာပိုကွတ်တ်နီးယားက “ဒါကိုလူတိုင်းကရယ်ကြတယ်။ ဒါပေမဲ့ ငါ့မှာအမြင်အာရုံ ကောင်းကောင်းရှိတယ်။ ငါဘယ်ကို သွားရမလဲမှတ်မိတယ်။ ဒါပေမဲ့ ရှေ့မှာ တွင်းတစ်ခုရှိရင် အဲဒီတွင်းထဲကို ပြုတ်ကျမှာ အသေအချာပဲ”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့မေလက ကာကစ်ဗ်မြို့စွန်နေရာတွေကနေ ရုရှားတပ်တွေကိုမောင်းထုတ်နိုင်ခဲ့ပေမဲ့ ယူကရိန်းရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ကာကစ်ဗ်ဟာ ရှရှားပစ်ခတ်တဲ့ လက်နက်ကြီးဒဏ်ကို ခံနေရတုန်းပါ။
နာတာလီယာပိုကွတ်တ်နီးယားက “အစတုန်းကတော့ ဘာတွေဖြစ်နေတာလဲဆိုတာကို နားမလည်ဘူး။ လေးလေးနက်နက်ပြောရရင် အရာအားလုံးကကမောက်ကမဖြစ်ကုန်တာ။ လေယာဉ်ပျံသံတွေကို ကြားတယ်။ ကိုယ်တိုင်မမြင်ဖူးဘူး။ လူတွေပြောကြလို့ လေယာဉ်ပျံဆိုတာသိတာပါ။ ပြတင်းပေါက်လိုက်ကာတွေကို ချက်ချင်းချပြီး ပိတ်လိုက်တော့ ကိုယ့်ကိုသူမမြင်ရတော့ဘူး။ အဝါရောင်အစက်အပြောက်တွေ ပတ်ပတ်လည်မှာ ပျံဝဲနေတာကိုတွေ့ရတယ်လို့ လူတွေကပြောကြတယ်။ ဒီမှာရှိတဲ့သူအားလုံး မငြိမ်မသက် လှုပ်လှုပ်ရွရွ ဖြစ်ကုန်တာ။ တော်တော်ကြောက်စရာကောင်းတယ်”လို့ ပြောပါတယ်။
အရပ်သားတွေကိုပစ်မှတ်ထားတိုက်ခိုက်တာမဟုတ်ဘူးလို့ ရုရှားဖက်ကငြင်းဆိုထားပေမဲ့ ကာကစ်ဗ်မြို့ထဲက လူနေအဆောက်အဦအများအပြား ပျက်စီးခဲ့ပါတယ်။