နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ် ၁၉၀/၄ ဖာလုံအနီးမှာ မေ ၉ ရက် ဒီနေ့မနက်ပိုင်းက ခရီးသည်တင် Express ကားနဲ့ လိုက်ထရပ်ကားတို့ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့တာကြောင့် လူ ၁ ဦးသေဆုံးပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ပလွေးအမြန်လမ်းမီးသတ်တပ်ဖွဲ့က ပြောပါတယ်။
ရန်ကုန်ကနေ မန္တလေးဘက်ကို မောင်းနှင်လာတဲ့ ရွှေမန္တလာခရီးသည်တင်ကားကို အမြန်လမ်းမှာ လူ ၁၅ ဦးပါ လိုက်ထရပ်ကားက မနက် ၆ နာရီလောက်မှာ အနောက်ကနေ ဝင်တိုက်ခဲ့တာပါ။
မြို့ခံကယ်ဆယ်ရေးအသင်း တာဝန်ခံက “Express ကို လိုက်ထရပ်က အနောက်ကနေ ဝင်တိုက်တာ၊ ဘယ်ဘက်နောက်ခြမ်းလေးပါပဲ။ ၁ ဦးသေ၊ ၁၄ ဦး ဒဏ်ရာရပါတယ်။ သေသွားတာက ဒရိုင်ဘာလို့ ကြားပါတယ်။ လိုက်ထရပ်က နေပြည်တော်က ကားပါပဲ။ ရန်ကုန်ကနေ နေပြည်တော်ကို ပြန်လာချိန် ဖြစ်သွားတာ။ ကားပေါ် ယောကျ်ားလေးတွေပါပဲ” လို့ ပြောပါတယ်။
ယာဉ်တိုက်မှုကြောင့် လိုက်ထရပ်ယာဉ်မောင်း အမျိုးသား ၁ ဦး သေဆုံးသွားပြီး အနောက်ခန်းမှာ လိုက်ပါလာတဲ့ အမျိုးသား ၁၄ ဦးအနက် ၂ ဦးမှာ စိုးရိမ်ရဒဏ်ရာ၊ ကျန် ၁၂ ဦးမှာ မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ရွှေမန္တလာကားပေါ်ပါ လူ ၃၈ ဦးစလုံး ထိခိုက်မှုမရှိဘူးလို့ သိရပြီး လိုက်ထရပ်ယာဉ်ရဲ့ ညာဘက်ခေါင်းခြမ်းနဲ့ ရွှေမန္တလာကား ဘယ်ဘက်အနောက်ဘက်ခြမ်း ပျက်စီးသွားပါတယ်။
ယာဉ်တိုက်မှုနေရာကို ပလွေးနယ်မြေမီးသတ်တပ်ဖွဲ့၊ အရေးပေါ် ၁၉၂ ယာဉ်နဲ့ မြို့ခံကယ်ဆယ်ရေးအသင်းတွေက သေဆုံးနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေကို နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံကို ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။
မန္တလေး၊ နွားထိုးကြီးမြို့နယ်၊ ပြင်စည်ရွာ၊ ရန်ကုန်- မန္တလေး အမြန်လမ်းမ၊ မိုင်တိုင်အမှတ် ၃၂၅ ရဲ့ ၆ /၇ ဖာလုံကြား၊ မြင်းခြံလမ်းခွဲအနီးမှာ ဧပြီ ၁၀ ရက် မနက် ၁၁ ခွဲလောက်က အိမ်စီးကားတစီး လမ်းဘေးဘယ်ရီတုံးတွေကို ဝင်တိုက်ပြီး မီးလောင်တာကြောင့် ယာဉ်ပေါ်ပါ ၃ ဦးလုံး သေဆုံးခဲ့တယ်လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့က ပြောပါတယ်။
အဆိုပါကားဟာ ဟွန်ဒါစီဗစ်အမျိုးအစား အဖြူရောင်ဖြစ်ပြီး အဲ့ဒီမီးလောင်မှုကို ပြင်စည်မီးသတ်တပ်ဖွဲ့နဲ့ ပြင်စည်ရဲတပ်ဖွဲ့တို့က မီးငြှိမ်းသတ်ခဲ့ကြတာပါ။
အမြန်လမ်းမီးသတ်တပ်ဖွဲ့နဲ့ နီးစပ်သူတဦးက "ဖြစ်တာက ၃၂၅ ၆ ဖာလုံ၊ မြင်းခြံ လမ်းခွဲအနားမှာ၊ အရှိန်လွန်ပြီး ဝင်တိုက်တဲ့ ပုံစံပါ၊ ပြီးမှ မီးလောင်တာ။ ဝင်တိုက်ကတည်းက ယာဉ်မောင်းအပါ ၃ ဦးစလုံး သေဆုံးပါတယ်။ နွားထိုးကြီးဆေးရုံကို ဌာနက ကားနဲ့ပဲ ပို့ပေးထားတယ်၊ မိသားစုဝင်နဲ့တော့ အဆက်အသွယ်မရသေးဘူး" လို့ ပြောပါတယ်။
ကားမီးလောင်မှုကို မနက် ၁၁: ၄၀ နာရီမှာ မီးငြှိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်- မန္တလေးအမြန်လမ်းမပေါ်မှာ ၂၀၂၃ ဧပြီ ၁ ရက်မှ ၁၀ ရက်အတွင်း ယာဉ်တိုက်မှု ၅ ကြိမ်ဖြစ်ပွားခဲ့ပြီး လူ ၆ ဦး သေဆုံး၊ ၁၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့ မှတ်တမ်းအရ သိရပါတယ်။