မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်ထဲက ကျောက်ထု လေတပ်၊ အမြောက်တပ်၊ ကပစ(၂၃) နဲ့ ကျောက်ထုမြို့နယ်ရဲစခန်းတို့ကို NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) က တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ဧပြီ ၁၄ ရက်ည ၈ နာရီလောက်က ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ (မကွေးခရိုင်) အ မှတ် (၁) တပ်ရင်း၊ (ဂန့်ဂေါခရိုင်) အမှတ် (၂) (၄) (၁၀) တပ်ရင်းနဲ့ ပြည်သူ့ကာကွယ်ရေး အဖွဲ့(ဆော) တို့ ပူးပေါင်းကာ အမှတ် (၂၃) ကာကွယ်ရေးပစ္စည်းစက်ရုံကို ရှော့တိုက်ဒုံး တွေ၊ Rocket တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နေ့လယ်ပိုင်းမှာလည်း ကျောက်ထုလေတပ်ဆွယ်၊ အမှတ် (၃၆၈) အမြောက်က်တပ်ရင်း၊ ကျောက်ထု မြို့နယ်ရဲစခန်းတို့ကို PDF ဂန့်ဂေါခရိုင်အမှတ်(၈/၉)တပ်ရင်း၊ ဆော(PDF YRPA) နဲ့ (DRONE. Revolutionary Rebel Force) တို့က ရှော့တိုက်ဒုံးတွေ၊ Rocket တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အမှတ် (၃၆၈) အမြောက်တပ်ရင်းထဲက အဆောက်အဦးတွေ မီးလောင် ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
အဆိုပါတိုက်ခိုက်မှုတွေအတွင်း အကြမ်းဖက်စစ်အုပ်စုဘက်က ထိခိုက်သေဆုံးအခြေအ နေတွေကိုတော့ စိစစ်စုံစမ်းနေဆဲဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကတော့ အထိအခိုက်လုံးဝမရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ မကွေးတိုင်းထဲက ငွေစက္ကူ ရိုက်ထုတ်တဲ့ ဝါဇီစက်ရုံနဲ့ ကပစ စက်ရုံတို့ကို ဧပြီ ၁၆ ရက် သင်္ကြန်အတက်နေ့မှာ ရှော့တိုက်ဒုံး ၅ လုံးနဲ့ ပစ်သွင်းတိုက်ခိုက်ခဲ့တယ်လို့ Black Hawk Seikphyu Revolution Front က ထုတ်ပြန်ပါတယ်။
ဒီတိုက်ခိုက်မှုကိုတော့ Black Hawk Seikphyu Revolution Front (မကွေးတိုင်း Drone အတူးတပ်ရင်း၊ တပ်ရင်း - ၁ တပ်ခွဲ-၅ အဖွဲ့နဲ့ စလေမြို့အခြေစိုက် OAK AWE UG အဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြတာလို့ ဆိုပါတယ်။
“နံနက် ၆ နာရီဝန်းကျင်က အဖွဲ့ ၃ ဖွဲ့ခွဲ လှုပ်ရှားခဲ့ပါတယ်။ ဝါဇီစက်ရုံအတွင်း ထိခိုက်၊ ပျက်စီးမှုများရှိသည်ဟုသိရပေမဲ့ ပျက်စီးမှု အတိအကျမသိရသေးပါ၊ ရှော့တိုက်ဒုံးပစ်တဲ့ နေရာကိုတော့ ဝါဇီတပ်က စစ် (-)တွေ လာရောက်စစ်ဆေးတာတော့ရှိတယ်”
ရှော့တိုက်ဒုံး ပစ်သွင်းတိုက်ခိုက်ရာမှာ ၄ လုံးကတော့ ပစ်မှတ်ဆီ ကျရောက်ခဲ့ပေမယ့် ၁ လုံးကတော့ Error တက်ပြီး လေပေါ်မှာသာ ပေါက်ကွဲသွားခဲ့တယ်လို့ဆိုပါတယ်။
ဒါ့အပြင် ဆိပ်ဖြူ အနောက်ပိုင်း အုပ်ချုပ်ရေးမှူး အောင်မိုးဝင်း အိမ်ကိုလည်း ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး လက်နက်ချို့ယွင်းချက်တွေကြောင့် မထိရောက်ခဲ့တဲ့အပြင် သင်္ကြန်လုံခြုံရေး ယူနေတဲ့ စစ်သားတွေနဲ့ ရဲတွေ ရောက်လာတဲ့အတွက် ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။
လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။
မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။
မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်းဘက်ကို ဖေဖော်ဝါရီ ၂၃ ရက် မွန်းလွဲ ၁ နာရီကျော်က စစ်ကောင်စီ ၃၁၇ အမြောက်တပ်က လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်နက်ကြီးကျည် ၃ လုံးဟာ လိမ္မော်ခြံဘုန်းကြီးကျောင်းထဲ ကျရောက်ပေါက်ကွဲပြီး မီးစက်ရုံထိမှန်ပျက်စီးကာ လိမ္မော်ခြံရွာရှိ ဆေးခန်းတခြမ်းလည်း ထိခဲ့ပေမဲ့ လူထိခိုက်မှုတော့ မရှိဘူးလို့ ဆိုပါတယ်။
“အခုပစ်တာက ဘာတိုက်ပွဲမှလည်းမရှိဘဲ အကြောင်းမဲ့ပစ်ခတ်နေတာ။ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒီနေ့အထိ လက်နက်ကြီးထိမှန် သေဆုံးသူ ၃ ယောက်လောက်ရှိနေပြီး စစ်ကောင်စီဘက်က မကြာခဏဆိုသလို လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်” လို့ ဒေသခံတွေက ပြောပါတယ်။
အခုရက်ပိုင်း ရေးမြောက်ပိုင်းဘက်ကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာနေလို့ စစ်ရေးတင်းမာလာနိုင်တဲ့ အခြေအနေ ရှိနေပြီး လက်ရှိအထိတော့ ထိတွေ့တိုက်ပွဲ မရှိသေးပါဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီက ရေးမြို့နယ်ကို စစ်အုပ်ချုပ်ရေး ထုတ်ပြန်ကြေညာထားပြီး ဒေသခံ စီးပွားရေးလုပ်ငန်းရှင်တချို့ ဖမ်းဆီးခံထားရသလို ရေးမြို့နယ်မှာ ဒီနေ့အထိ PDF လို့ စွပ်စွဲသတ်ဖြတ်ခံထားရသူ ၄ ယောက်ထက်မနည်း ရှိပါတယ်။
ရေးမြို့နယ်အတွင်း ဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်ကြား နှစ်ဖက်ထိတွေ့မှုအတွင်း စစ်ကောင်စီတပ်ဘက်က အထိအခိုက် အကျအဆုံး များပြားနေပါတယ်။
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့၊ သမုတ်ချုံကျေးရွာအနီးမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ကမ်းမလိုင်းတပ်ကို ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဖေဖော်ဝါရီ ၂၂ ရက် နေ့လယ်ပိုင်းမှာ ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
တိုက်ပွဲဝင် ရဲဘော်တဦးက “ကျနော်တို့က ပြောက်ကျားစနစ်နဲ့ ၅ ယောက် သွားပစ်တာပါ။ ကျနော်တို့ဘက်က အထိအခိုက်တော့ မရှိပါဘူး” လို့ ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုမှာ မိနစ် ၂၀ ခန့်ကြာပြီး စစ်ကောင်စီဘက်က အထိအခိုက် အကျအဆုံးကိုတော့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
“ကျနော်တို့ဘက်က စစ်ကောင်စီကို နည်းမျိုးစုံနဲ့ တော်လှန်နေချိန်မှာ ဒေသခံပြည်သူတွေ အနေနဲ့ ပူးပေါင်းပါဝင်ပေးဖို့နဲ့ စစ်ရေးသတိရှိဖို့ ကျနော်တို့ဘက်က မေတ္တာရပ်ခံပါတယ်” လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
အဲဒီတိုက်ပွဲကို မြိတ်ခရိုင် တပ်ခွဲ-၂ နဲ့ တောင်ပံနီ ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်ကလည်း တနင်္သာရီမြို့နယ်၊ တုံးဗျောကြီးကျေးရွာအနီးရှိ စစ်ကောင်စီကင်းစခန်းတခုကို ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၃ ဦးသေဆုံးကာ MA3 အမျိုးအစား သေနတ်တလက် ရရှိခဲ့တယ်လို့ သိရပါတယ်။