ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၅ ရပ်ကွက်ရုံးနားမှာ စက်တင်ဘာ ၁၇ ရက်နေ့ ည ၈ နာရီ ၁၅ မိနစ်လောက်က ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရပ်ကွက်ရုံးနားက ဓမ္မာရုံးထောင့်မှာ ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ဆိုပါတယ်။
"အသံကတော့ ကျယ်တယ်၊ အနားကပ်နေလို့လည်းဖြစ်နိုင်တယ်။ ထိခိုက်တာ မရှိဘူးဆိုတာက လူနာတင်ကားလာတာ မတွေ့လို့ ပြောတာပါ။ ခုတော့ ရပ်ကွက်ထဲ ပိတ်စစ်နေတယ်'' လို့ ဒေသခံတဦးက ပြောပါတယ်။
ဗုံးပေါက်ကွဲပြီးနောက်ပိုင်း စစ်ကောင်စီတပ်သားတွေရောက်လာပြီး ရပ်ကွက်ထဲ ပိတ်ဆို့စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
ရပ်ကွက်ရုံးနား ဗုံးပေါက်ကွဲတာနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်တယ်ဆိုတာ မသိရသေးဘဲ စုံစမ်းနေဆဲဖြစ်တယ်လို့ ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြော တယ်။
ရန်ကုန် ရွှေပြည်သာ အမှတ် ၅ ရပ်ကွက်ရုံးနားမှာ မနေ့ည ၇ နာရီလောက်က ပေါက်ကွဲမှုတခု ဖြစ်ခဲ့ပါတယ်။
ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရတာ မရှိပေမဲ့ ပေါက်ကွဲပြီး မိနစ်ပိုင်းအတွင်း စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေ ရောက်လာပြီး လမ်းမကြီးပေါ်မှာ ပိတ်ဆို့ စစ်ဆေးတာတွေ လုပ်ခဲ့ပါတယ်။
ရုံးနားမှာ နေထိုင်သူ မျက်မြင်တယောက်က “ရုံးနားက အိမ်တွေ ဆိုင်တွေမှာ တပ်ထားတဲ့ CCTV မှတ်တမ်းတွေကိုပါ ဝင်စစ်ဆေးတယ်။ ရပ်ကွက်ရုံးနား GYM ရုံထဲက အမျိုးသားတယောက်ကို ခေါ်သွားတယ်” လို့ ပြောပါတယ်။
ဆိုင်ကယ်မောင်းနှင်လာရင်း ရုံးထဲကို ပေါက်ကွဲစရာ ပစ်ထည့်သွားတာလို့လည်း သူက ဆိုပါတယ်။
မေ ၁ ရက်ကလည်း အခုလို ဗုံးခွဲခံရဖူးလို့ ရွှေပြည်သာ အမှတ် ၅ ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးမှာ ပေါက်ကွဲတာ ၂ ကြိမ်ရှိပြီဖြစ်ပါတယ်။
မနေ့ည ၈ နာရီလောက်ကလည်း ရွှေပြည်သာ ဏ/၁၄ ရပ်ကွက် ပန်းခြံ ၈ မှာ နေထိုင်တဲ့ အမျိုးသား ၂ ယောက်ကို ဒလန်တွေကို သတိပေးစာလိုက်ကပ်တယ်ဆိုပြီး ဒလန်တယောက်က စွပ်စွဲသတင်းပေးတာကြောင့် စစ်ကောင်စီတပ်တွေက လာရောက်ဖမ်းဆီးသွားပါတယ်။