close

အမှုထမ်း

close

January 2, 2023

စစ်ကောင်စီဩဇာခံအမှုထမ်းများ ၁၀ ရက်အတွင်း ထွက်သွားရန် ကေအန်ယူ တပ်မဟာ ၅ သတိပေး

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့နယ်အတွင်းက စစ်ကောင်စီရဲ့လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေအပါအဝင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ တာဝန်ကနုတ်ထွက်ပြီး ဇန်နဝါရီ ၁ ရက်မှ ၁၀ ရက်အထိ နောက်ဆုံးထား  စွန့်ခွာထွက်သွားကြဖို့  ကေအန်ယူ တပ်မဟာ ၅ စစ်ရေးချုပ်ရုံးက သတိပေး ထုတ်ပြန်လိုက်ပါတယ်။

ဒေသခံပြည်သူ၊ ဝန်ထမ်းနဲ့ တခြားအရပ်မှလာရောက်တဲ့ဝန်ထမ်းတွေအားလုံး မတရားတိုင်းပြည်အာဏသိမ်းထားတဲ့ စစ်ကောင်စီအဖွဲ့ရဲ့ အုပ်ချုပ်မှုယန္တရားမှာ ပူးပေါင်းပါဝင်တာ လုံးဝမပြုဖို့နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ အနေနဲ့ မိမိသက်ဆိုင်ရာ အလုပ်တာဝန်ရာထူးတွေကနေ စွန့်ခွာပြီး စစ်အုပ်စုကို ထောက်ခံအားပေး အသိအမှတ်ပြုစေတဲ့ လုပ်ရပ်တွေ မပြုလုပ်ဖို့နဲ့ မလိုက်နာပါက ထိရောက်အရေးယူသွားမယ်လို့ သတိပေး ထုတ်ပြန်ထားပါတယ်။ 

ကေအန်ယူတပ်မဟာ ၅ ပြောခွင့်ရသူ ဗိုလ်မှူးကြီး ကလယ်ဒိုက “ စစ်ကောင်စီရဲ့ဝန်ထမ်းတွေပေါ့၊  သူတို့ရဲ့ အုပ်ချုပ်ရေးယန္တရားမလည်ပတ်နိုင်အောင် မနှစ်က တခါထုတ်ပြီးပြီး။ ထုတ်တော့ ဖာပွန်မှာဆိုလို့ရှိရင် သူတို့ရဲ့ အုပ်ချုပ်ရေး ယန္တရားတွေက လုံးဝလည်ပတ်လို့မရဘူး။ အဲလိုမျိုးဖြစ်သွားတယ်။ ဒါပေမဲ့ သူတို့ရဲ့ အုပ်ချုပ်ရေးကို ဒီမူတြော်ခရိုင်အတွင်းက ကမမောင်းမှာ သူတို့ ပြန်လည်စုဖွဲ့ပြီးတော့ အဲဒီမှာ အုပ်ချုပ်ရေးလည်ပတ်နေတယ်။ အဲဒီလည်ပတ်တဲ့အပေါ်မှာ သူတို့စိတ်ထင်တာကတော့  မနှစ်ကထုတ်တဲ့ထုတ်ပြန်ချက်က ဖာပွန်မှာပဲဖြစ်တယ်။ ကမမောင်းနဲ့ အကျုံးမဝင်ဘူးလို့ ဝန်ထမ်းတွေက သူတို့ ယုံကြည်တာဖြစ်မှာပေါ့။ ဒါကြောင့် သူတို့စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမှန်သမျှ ကမမောင်းမြို့အတွင်းအပါအဝင် အဲဒီမှာ ရှိတဲ့ဝန်ထမ်းတွေရဲ့ ဒီစစ်ကောင်စီရဲ့အုပ်ချုပ်မှု ယန္တရားလည်ပတ်ပေးလို့မရအောင် ဆက်လက်ပြီးတော့မှာ မနှစ်က ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ကို ပြန်ပြီးတော့ ဖြည့်စွက်တဲ့ သဘောဖြစ်တာပေါ့နော်။”လို့ ပြောပါတယ်။

ထုတ်ပြန်ထားတဲ့ ၁၀ ရက်အတွင်းမှာ စစ်ကောင်စီတပ်တွေအပါအဝင် ကေအန်ယူ တပ်မဟာ ၅ ထိန်းချုပ်နယ်မြေအတွင်းကနေ သတ်မှတ်ရက်အတွင်းမှာ စစ်ဘက်အရပ်ဘက်တွေကအစ လက်ရှိရာထူးနေရာကနေ စွန့်ခွာထွက်ခွာကြဖို့  နယ်မြေစိုးမိုးမှုမရ ရှိအောင်အပြီးပိုင် စစ်အာဏာရှင်ကို အဆုံးသတ်ချေမှုန်းသွားမယ်လို့ ကေအန်ယူက ထုတ်ဖော်ပြောထားပါတယ်။ 

ဒါအပြင် စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲကိုလည်း တပ်မဟာ၅ ထိန်းချုပ်နယ် မြေအတွင်းမှာ စစ်ကောင်စီနဲ့ပါဝင်မပူးပေါင်းကြရန် သတိပေးထုတ်ပြန်ထားခဲ့ပါတယ်။

ဗိုလ်မှူးကြီး ကလယ်ဒိုက  “၂၀၂၃ မှာ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ ဒါလုံးဝ တရားမဝင်ဘူး။ ဒီမူတြော်ခရိုင်နဲ့ တပ်မဟာ ၅ အနေနဲ့ကတော့ လုံးဝ လက်ခံလို့မရတဲ့ပေါ်မှာ  ဒီတပ်မဟာ (၅) ထိန်းချုပ်နယ်မြေအတွင်းမှာတော့ အဲဒီဟာတော့ လုံးဝ မဖြစ်စေချင်တဲ့ပေါ်မှာလည်း ဝန်ထမ်းတွေရော၊ မဲကော်မရှင်ရော အကုန်လုံးက စစ်ကောင်စီရဲ့ ဝန်ထမ်းတွေပဲလေ။ သူတို့ မလုပ်နိုင်အောင်တော့ ထွက်သွားခိုင်းတဲ့သဘောပေါ့နော်”လို့ ပြောပါတယ်။

လက်ရှိ စစ်အာဏာရှင်အမြစ်ဖြတ်ချေမှုန်းရေးအတွက်   ကေအန်ယူတပ်မဟာ ၅ နဲ့ ဒေသကာကွယ်ရေးပူးပေါင်း မဟာမိတ်တပ်ဖွဲ့တွေ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်း ကေအန်ယူက ထုတ်ပြန်ထားပါတယ်။ 

7 mins Ago

November 20, 2020

နော်ဝေဘုရင့်နန်းတော် အမှုထမ်း ၁ ဦး ကိုဗစ်ကူးစက်ခံရ၊ ဘုရင်နှင့်မိဖုရား ကွာရန်တင်းဝင်

နော်ဝေဘုရင့်နန်းတော် အမှုထမ်းတစ်ယောက်မှာ ကိုရိုနာဗိုင်းရပ်စ် တွေ့ခဲ့ပြီးနောက်  နိုဝင်ဘာ ၁၉ ရက်က ဘုရင်ဟာရောလ်နဲ့ မိဖုရားဆွန်ညားတို့နှစ်ယောက်စလုံး ကွာရန်တင်းဝင်ခဲ့တယ်လို့  ဘုရင့်နန်းတော်က ထုတ်ပြန်ပါတယ်။  ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ အမှုထမ်းနဲ့ မိဖုရားဆွန်ညားတို့ အနီးကပ်ထိတွေ့မှု ရှိခဲ့တဲ့အတွက် ဘုရင်ဟာရောလ်က နေအိမ်မှာ ကွာရန်တင်းဝင်ခဲ့တယ်လို့ နန်းတော်က ဆိုပါတယ်။  သက်တော် ၈၀ အရွယ်ရှိကြတဲ့ နော်ဝေဘုရင်နဲ့ မိဖုရားတို့မှာ ရောဂါလက္ခဏာ မပြဘဲ ဘုရင်နန်းတော်အမှုထမ်း ၁၄ ယောက်ဟာလည်း ကွာရန်တင်း ဝင်နေတယ်လို့ နန်းတော်ထုတ်ပြန်ချက်က ဆိုပါတယ်။  ပြီးခဲ့တဲ့လတုန်းက ဘုရင်ဟာရောလ်ဟာ နှလုံးအဆို့ရှင် အစားထိုး ခွဲစိတ်ကုသမှု ခံယူခဲ့ပါတယ်။  နော်ဝေနိုင်ငံမှာ ဒီနေ့မနက်အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၃၁,၀၀၀ ကျော်၊ သေဆုံးသူ ၃၀၅ ယောက်နဲ့ ကမ္ဘာ့ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အဆင့် ၉၀ မှာ ရှိတယ်လို့ Worldometer ဝက်ဆိုက်အရ သိရပါတယ်။   
2 years Ago
Up