close

အမှုဖွင့်ခံရသူပေါင်း ၅၀

close

June 12, 2021

တောင်တွင်းကြီးမြို့နယ်တွင် ပုဒ်မ ၅၀၅ (က) အမှုဖွင့်ခံရသူပေါင်း ၅၀ နီးပါးရှိလာ

စစ်အာဏာသိမ်းပြီး ၄ လ ကျော်အကြာ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီကနေ ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ထားသူများ အယောက်  ၅၀ ဝန်းကျင်ရှိပြီလို့  ဒေသခံ ရှေ့နေအသိုင်းအဝိုင်းက ခန့်မှန်းပြောဆိုပါတယ်။

တောင်တွင်းကြီးမြို့နယ်မှာ  ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ခံရသူ အယောက် ၅၀ လောက် အထဲမှာ တချို့က အချုပ်ထဲကနေ အမှုရင်ဆိုင်နေရသူနဲ့တွေ ရှိသလို အဖမ်းမခံရသေးတဲ့သူတွေလည်း ရှိပါတယ်။

ဒေသခံရှေ့နေတစ်ဦးက ''စစ်ကောင်စီက စွပ်စွဲချင်လို့သာ စွပ်စွဲတာ။ အခုအမှုဖွင့်ခံထားရတဲ့သူ တွေထဲမှာ ပြည်သူတွေအများကြီးပါတယ်။ သူတို့ရဲ့ လွတ်လပ်တဲ့ဆန္ဒကို ဖော်ထုတ်ပြီး တက်ကြွလှုပ်ရှားတဲ့ပြည်သူတွေကို ဒီပုဒ်မကြီးတပ်ပြီး အမှုဖွင့်စရာ အကြောင်းမရှိဘူး။ သူတို့က ပုဒ်မတစ်ခုရဲ့အင်္ဂါရပ်နဲ့မညီဘဲနဲ့ အမှုဖွင့်ထားတယ်လို့ပဲ ပြောချင်တယ်'' လို့ ပြောပါတယ်။

ပုဒ်မ ၅၀၅(က) တရားစွဲခံရသူတွေကို ပြစ်ဒဏ်အမိန့်ချတော့မယ်ဆိုရင် အထက်အဆင့်ဆင့်ကိုတင်ပြပြီးမှ အမိန့်ချဖို့ လျှို့ဝက်ညွှန်ကြားထားတာ ရှိတယ်လို့လည်း တရားရုံး တွေနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကနေ  သိရပါတယ်။

တောင်တွင်းကြီးမြို့နယ်မှာ ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်ခံထားရသူတွေထဲမှာ ဆရာဝန်၊ ကျန်းမာရေးဝန်ထမ်း၊ ပညာရေးဝန်ထမ်း၊ ရှေ့နေနဲ့ တောင်သူတွေအပါအဝင် အလွှာပေါင်းစုံက ပြည်သူတွေ ပါဝင်ပါတယ်။ 

5 mins Ago
Up