ထိုင်းနိုင်ငံအလယ်ပိုင်း အယုဒ္ဓယခရိုင်ထဲမှာ ဒီကနေ့ ဧပြီ ၁၉ ရက် မနက် ၉ နာရီက တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာအလုပ်သမား ၂၃ ဦး အဖမ်းခံရတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းအရ သိရပါတယ်။
အယုဒ္ဓယခရိုင် အဝေးပြေးလမ်း ရဲတပ်ဖွဲ့ဝင်တွေဟာ ဒီနေ့မနက်က ဖဟွန်ယိုးထင်း လမ်းမကြီးပေါ်မှာ တာဝန်ထမ်းဆောင်စဉ် ကီလိုမီတာအမှတ် ၄၇-၄၈ ကြားမှာ ဘန်ပအင်မြို့နယ်ဘက်ကနေ လေးလံတဲ့အရာတွေတင်ဆောင်ပြီး ဘန်ကောက်ဘက်ကို ဦးတည်မောင်းနှင်နေတဲ့ မသင်္ကာဘွယ်ကား ၂ စီးကို တားဆီးစစ်ဆေးခဲ့ပါတယ်။
ပထမကားမှာ အနက်ရောင် တိုယိုတာဝီဂို့ အမျိုးအစားဖြစ်ပြီး အသက် ၃၁ နှစ်အရွယ်ရှိ နိုင်းဆီဖတ်ဆိုသူ ထိုင်းအမျိုးသား မောင်းနှင်လာကြောင်း၊ ကားပေါ်မှာတော့ ပြွတ်သိပ်နေအောင် စီးနင်းလိုက်ပါလာတဲ့ တရားမဝင် မြန်မာလုပ်သား ၁၁ ဦးကို စစ်ဆေးတွေ့ရှိတာလို့ ဆိုပါတယ်။
တချိန်တည်းမှာပဲ နိုင်းဝပ်ချရဖုန်း (၄၁ နှစ်) မောင်းနှင်လာတဲ့ မီးခိုးရောင် အီဇူးစူးကား ၁ စီး ပေါ်ကနေ တရားမဝင် မြန်မာ ၁၂ ဦးကို ထပ်မံတွေ့ရှိခဲ့ပါတယ်။
ကား ၂ စီးပေါ်ကနေ အထောက်အထားမဲ့ မြန်မာအမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၉ ဦး၊ စုစုပေါင်း ၂၃ ဦးကို ဖမ်းဆီးလိုက်ပါတယ်။
ယာဉ်မောင်းတွေရဲ့ ထွက်ဆိုချက်အရ သူတို့ဟာ တသုတ်တည်းဖြစ်ပြီး ၁ ဦးကို ကားခ ဘတ် ၁,၀၀၀ နှုန်းနဲ့ ပထုန်ဌာနီခရိုင်ကို ပို့ပေးဖို့ တာ့ခ်ခရိုင်ကနေ ဒီနေ့မနက် ၃ နာရီက ထွက်ခွာလာတာလို့ ဆိုပါတယ်။
အဖမ်းခံရတဲ့ အလုပ်သမား ၁ ဦးကတော့ သူဟာ အရင်က ထိုင်းနိုင်ငံ ခေါက်ဆွဲစက်ရုံမှာ ၅ နှစ်ကျော် လုပ်ခဲ့ဖူးပြီး မြန်မာပြည်ပြန်သွားကြောင်း၊ ဟိုမှာအလုပ်မဖြစ်လို့ နောက်ထပ် သူငယ်ချင်း ၅ ယောက် ထပ်ခေါ်လာကြောင်း၊ ပွဲစားခ ၁ ဦးကို ဘတ် ၁၀,၀၀၀ ကနေ ၂၀,၀၀၀ ထိ ပေးရမှာဖြစ်ပြီး အဲဒီငွေတွေကို အလုပ်လုပ်ပြီး ပြန်ဆပ်ရမှာလို့ ပြောပါတယ်။
တာဝန်ရှိသူတွေက သူတို့ ၂၃ ဦးနဲ့ ထိုင်းယာဉ်မောင်း ၂ ဦးတို့ကို လဝကဥပဒေနဲ့ အရေးယူဖို့ ဖရအင်းရားချားနယ်မြေ ရဲစခန်းကို ပို့ဆောင်လိုက်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ထိုင်းနိုင်ငံအလယ်ပိုင်း၊ အယုဒ္ဓယခရိုင် အာရှလမ်းမကြီးပေါ်က မသင်္ကာဖွယ် ကား ၁ စီး နောက်ကို တာဝန်ရှိသူတွေ လိုက်လံဖမ်းဆီးရာမှာ ကားပေါ်မှာ ပုန်းအောင်းလိုက်ပါလာတဲ့ တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သား ၁၁ ဦးကို တွေ့ရှိတယ်လို့ Daily News ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
မတ်လ ၂၈ ရက်က အယုဒ္ဓယခရိုင် ရဲတပ်ဖွဲ့ဝင်တွေဟာ အဝေးပြေးလမ်းမပေါ်မှာ တာဝန်ထမ်းဆောင်နေစဉ် လေးလံတဲ့ပစ္စည်း တင်ဆောင်လာပုံရတဲ့ အနက်ရောင်တိုယိုတာ ဟိုင်းလပ်စ်ကား ၁ စီး မောင်းဝင်လာတာ မြင်တွေ့ရပြီး ကားနောက်ခန်းမှာ ဘာမှတင်ဆောင်လာတာမတွေ့လို့ မသင်္ကာတာနဲ့ စစ်ဆေးဖို့ ရပ်မိန့်ပေးလိုက်တယ်လို့ တာဝန်ရှိသူက ပြောပါတယ်။
အဲဒီကားက ရပ်မပေးတဲ့အပြင် အရှိန်မြှင့် မောင်းပြေးသွားလို့ နောက်က ရဲကားနဲ့ လိုက်ဖမ်းခဲ့ကြောင်း၊ ဘန်ဘအင်မြို့နယ် ခလောင်းကျစ်ရပ်ကွက် ကီလိုမီတာအမှတ် ၄ နဲ့ ၅ ကြားမှာ အဆိုပါကားကို မီလာပြီး စစ်ဆေးရာမှာ ကားရှေ့ ၂ ခန်းထဲမှာ ညှပ်ပိတ်ပြီး လိုက်ပါလာတဲ့ မြန်မာအမျိုးသား ၈ ဦး၊ အမျိုးသမီး ၃ ဦး ပေါင်း ၁၁ ဦးကို တွေ့ရှိတာလို့ ဆိုပါတယ်။
သူတို့တွေမှာ မှတ်ပုံတင်အထောက်အထား တစုံတရာမရှိဘဲ ထိုင်းနိုင်ငံထဲကို မဲဆောက် တောလမ်းကနေ ဝင်ရောက်လာပြီး ဘန်ကောက်နဲ့ အနီးတဝိုက်မှာ အလုပ်သွားလုပ်ဖို့ လိုက်လာတာလို့ ဆိုပါတယ်။
ယာဉ်မောင်းသမားမှာ အသက် ၂၅ နှစ်ရွယ်ရှိ နိုင်းထာဝွန်းရှဲ့ဟေ့ဖြစ်ပြီး အဆိုပါ အလုပ်သမားတွေကို တာ့ခ်မြို့ကနေ ဘန်ကောက်ကို ပို့ပေးဖို့ နိုင်းဆင်းဆိုသူက ဆက်သွယ်လာတာလို့ ဆိုပါတယ်။
ပို့ခအဖြစ် ၁ ဦးကို ဘတ် ၁,၅၀၀ စီ ရမှာဖြစ်ပြီး အရင်ကလည်း အခုလို တရားမဝင် လူသယ်ဆောင်မှု ၂ ကြိမ်လုပ်ခဲ့ဖူးတယ်လို့ ဝန်ခံသွားပါတယ်။
အဆိုပါ တရားမဝင်လုပ်သားတွေကတော့ ပွဲစားကို ၁ ဦး ဘတ် ၁၇,၀၀၀ ကနေ ၂၂,၀၀၀ ထိ ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ တာဝန်ရှိသူတွေက ယာဉ်မောင်းကိုရော၊ တရားမဝင် ဝင်လာသူ ၁၁ ဦးလုံးကိုပါ လဝကဥပဒေနဲ့ အရေးယူဖို့ ဘန်ပအင်နယ်မြေရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ သတင်းမှာ ဖော်ပြသွားပါတယ်။