close

အယုံအကြည်မရှိအဆို

close

March 22, 2023

အယုံအကြည်မရှိအဆို မဲခွဲဆုံးဖြတ်မှု ပြင်သစ်သမ္မတ မက်ခရွန် အစိုးရအဖွဲ့ အနိုင်ရ

ပြင်သစ်နိုင်ငံမှာ အငြိမ်းစားလစာစနစ်ကို ပြုပြင်ပြောင်းလဲဖို့ အောက်လွှတ်တော်အတွင်း အတည်ပြုပြီးတဲ့နောက် အစိုးရကို အယုံအကြည်မရှိ အဆိုကို ပြင်သစ်အမျိုးသားညီလာခံအတွင်း မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။

မဲခွဲဆုံးဖြတ်ခံယူရာမှာ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်ရဲ့ အစိုးရက ၉ မဲအကွာနဲ့ ပွတ်ကာသီကာ အနိုင်ရခဲ့တာကြောင့် မက်ခရွန်အတွက် သက်သာရာရခဲ့တာပါ။

ဒါပေမဲ့ သမဂ္ဂတွေနဲ့ ဆန္ဒပြသူတွေက အငြိမ်းစားလစာ ပြုပြင်ပြောင်းလဲရေးကို ဆန့်ကျင် ဆန္ဒပြပွဲတွေ၊ သပိတ်မှောက်တာတွေ ဆက်လုပ်မယ်လို့ ကတိပြုထားကြပါတယ်။

မဲရလဒ်ကို ကြေညာပြီးပြီးချင်း တယူသန်လက်ဝဲဝါဒီ လာဖရန့်စ် အန်ဆူမီပါတီက လွှတ်တော်အမတ်တွေက သမ္မတရာထူးက နုတ်ထွက်ပေးလို့ အော်ဟစ်ခဲ့ကြပြီး လမ်းပေါ်မှာဆုံမယ်လို့ ရေးထားတဲ့ လက်ကိုင်ပိုစတာတွေကို ဝှေ့ယမ်းခဲ့ကြပါတယ်။

မက်ခရွန်ဟာ သူ့ရဲ့ အငြိမ်းစားလစာစနစ်ဆိုင်ရာ အဆိုပြုချက်တွေကို လွှတ်တော်ထဲမှာ အထောက်အပံ့ အလုံအလောက်ရရေး ကြိုးစားဖို့ ပျက်ကွက်ခဲ့လို့ သူ့လုပ်ငန်းစဉ် လှိုက်စားခံရသလို သူ့ဦးဆောင်မှုကိုလည်း အားနည်းစေခဲ့တယ်လို့ လေ့လာသူတွေက ပြောပါတယ်။

လက်ယာစွန်းခေါင်းဆောင် မာရင်းလွေပန်းကလည်း သမ္မတရာထူးကနေ နုတ်ထွက်သင့်တယ်လို့ ပြောပါတယ်။ ပြုပြင်ပြောင်းလဲရေးအတွက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို မက်ခရွန်က ကျင်းပသင့်ပေမဲ့ လုပ်မယ့်အလားအလာ မရှိဘူးလို့လည်း လွေပန်းက ပြောပါတယ်။

ပြင်သစ်နိုင်ငံတဝန်း ၉ ကြိမ်မြောက် ပြည်လုံးကျွတ်ဆန္ဒပြပွဲနဲ့ သပိတ်မှောက်ပွဲတွေကို မတ်လ ၂၃ ရက်မှာ ဆင်နွှဲဖို့ စီစဉ်ထားကြပါတယ်။

7 mins Ago

August 20, 2022

ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့အပေါ် အယုံအကြည်မရှိအဆို မွန်တီနီးဂရိုးပါလီမန် အတည်ပြု

မွန်တီနီဂရိုးနိုင်ငံရဲ့ ပါလီမန်ဟာ ၀န်ကြီးချုပ် ဒရစ်တန် အဘာဇိုဗစ်ရဲ့ အစိုးရအဖွဲ့အပေါ် အယုံအကြည်မရှိ အဆိုကို သြဂုတ် ၂၀ ရက်မှာ အတည်ပြုခဲ့ပါတယ်။ 

ဒီအဆိုကို အင်အားကြီး ဆာဘီးယန်း အော်သိုဒေါက်ခ်စ် ဘုရားကျောင်းနဲ့ ဆက်ဆံရေး ထိန်းညှိခြင်းအပေါ် ကာလရှည်ကြာ အငြင်းပွားနေတဲ့ သဘောတူညီချက်ကို လက်မှတ်ရေးထိုးဖို့ ကန့်ကွက်နေတဲ့ အောက်လွှတ်တော်ကိုယ်စားလှယ် ၃၆ ဦးက အဆိုပြုခဲ့တာပါ။

ဒါဟာ  ဆာဘီးယန်း အော်သိုဒေါက်ခ်စ် ဘုရားကျောင်းကနေ ကျောထောက်နောက်ခံပြု ပေးထားတဲ့ ၀န်ကြီးချုပ် ဇီဒရဗ်ကို ခရီဗိုကာပစ်ရဲ့ အစိုးရအဖွဲ့ ဖေဖော်ဝါရီလမှာ ပြိုကျပြီးနောက် ဒီနှစ်ရဲ့ ဒုတိယမြောက် အယုံအကြည်မရှိ လှုပ်ရှားမှုလည်း ဖြစ်ပါတယ်။ 

“ရက်ပေါင်း ၁၀၀ အတွင်း ကျနော်တို့ လုပ်ဆောင်နိုင်သမျှအတွက်  အရမ်းဂုဏ်ယူပါတယ်” လို့ အဘာဇိုဗစ်က မဲပေးပြီးနောက်မှာ ပြောကြားခဲ့ပါတယ်။

သက်တမ်းအတိုဆုံးဖြစ်ပေမယ့် အခက်ခဲဆုံး ဆုံးဖြတ်ချက်တွေ ချခဲ့ရတဲ့ အစိုးရအဖြစ် အမှတ်ရနေမှာပါလို့လည်း ဆိုပါတယ်။ 

သမ္မတ မီလိုဂျူကာနိုဗစ်ဟာ အခုတော့ ဥရောပသမဂ္ဂသို့ ဝင်ရောက်ဖို့ ဆန္ဒရှိနေတဲ့ နေတိုး အဖွဲ့ဝင်နိုင်ငံရဲ့ အစိုးရသစ်တစ်ရပ် ဖွဲ့စည်းဖို့ ခန့်အပ်တာဝန်ပေးမယ့် ဝန်ကြီးချုပ်သစ်ကို အမည်စာရင်း တင်သွင်းရမှာဖြစ်ပါတယ်။ 

ဒါ့အပြင် မျှော်မှန်းထားချိန်ထက် စောပြီး ကျင်းပရတတ်တဲ့ လျှပ်တပြက် ရွေးကောက်ပွဲ အခွင့်အလမ်းလည်း ရှိနေပါတယ်။ 

လူဦးရေ ၆ သိန်းခွဲတောင် မပြည့်တဲ့ အာဒရီယတစ် ပင်လယ်နိုင်ငံလေးမှာ မွန်တီနီဂရင်းတွေလို့ သတ်မှတ်ခံထားရသူတွေနဲ့ ဆားဘီးယားရဲ့ပြည်နယ်ဟောင်းဖြစ် မွန်တီနီဂရိုရဲ့လွတ်လပ်ရေးကို ဆန့်ကျင်ကန့်ကွက်တဲ့ ရုရှားလိုလားတဲ့ ဆာ့ဘ်တွေကတဖက် နိုင်ငံရေးမှာ ကာလရှည်ကြာ ၂ ခြမ်းကွဲနေတာ ဖြစ်ပါတယ်။ 

7 months Ago
Up