close

အယောက် ၁၀၀၀

close

July 8, 2022

NUGPay Wallet ဖွင့်သုံးစွဲသူအယောက် ၁၀၀၀ ပြည့်

လတ်တလောအချိန်ထိ NUGPay Wallet ဖွင့်ပြီး သုံးစွဲသူ အယောက် ၁,၀၀၀ ပြည့်ခဲ့ပြီဖြစ်ကာ မကြာခင် အချိန်အတွင်းမှာ Pilot ကာလ မျှော်မှန်းချက် Wallet ၁၀,၀၀၀ ပြည့်မီအောင် ကြိုးပမ်းနေပြီး ဒေသအားလုံးကို လွှမ်းခြုံနိုင်အောင် အထူးကြိုးပမ်းနေတယ်လို့ ထုတ်ပြန်ပါတယ်။

NUGPay ကိုတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေတဲ့ ငွေကြေးစီးဆင်းမှုစနစ်အပေါ် မှီခိုနေရတာကို အဆုံးသတ်ဖို့အတွက် ဒစ်ဂျစ်တယ်မြန်မာကျပ် (DMMK) နဲ့ NUGPay မိုဘိုင်းပိုက်ဆံအိတ်ကို စတင်ထုတ်ဝေလိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြီးခဲ့တဲ့ ဇွန် ၂၆ ရက်မှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။

အဆိုပါကြေညာချက်မှာ ဖော်ပြချက်အရ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ် ချေမှုန်းနိုင်ဖို့အတွက် သီးခြားလွတ်လပ်ပြီး လုံခြုံစိတ်ချရတဲ့ ငွေကြေးလည်ပတ်မှု ယန္တရားစနစ်ကို ထူထောင်ထားတာ ဖြစ်တယ်လို့ NUG အစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောထားပါတယ်။

မြန်မာကျပ်ငွေနဲ့ တူညီစွာ တန်ဖိုးရှိတဲ့ ဒစ်ဂျစ်တယ် မြန်မာကျပ် (DMMK) ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့ တရားဝင်ဒစ်ဂျစ်တယ်ငွေကြေးအဖြစ် သတ်မှတ်ထားရှိတဲ့အပြင် ဒီငွေကြေးစနစ်ကို အသုံး ပြုနိုင်ဖို့ တွဲဖက်အသုံး ပြုရမယ့် NUGPay မိုဘိုင်းပိုက်ဆံအိတ်ကိုလည်း တခါတည်း ထုတ်ဝေထားပါတယ်။

NUGPay ဟာ အကြမ်းဖက်စစ်ကောင်စီ ငွေကြေး ယန္တရားအောက်မှ လုံးဝ လွတ်ကင်းတဲ့ ငွေပေးချေမှု စနစ်တစ်ခုဖြစ်ပြီး မိဘပြည်သူတွေ အနေနဲ့ ငွေကြေးလွှဲပြောင်းမှုတွေကို လုံခြုံစိတ်ချစွာ ဆောင်ရွက်နိုင်မှာ ဖြစ်ပြီး NUGPay ရဲ့ Pilot Project ကိုတော့ Wallet ပေါင်း “တစ်သောင်း” နဲ့သာ စတင်လည်ပတ်မှာ ဖြစ်ပြီး လက်ရှိမှာ ပြည်သူအားလုံး လက်လှမ်းမီနိုင်သေးမှာ မဟုတ်ကြောင်းကိုလည်း အသိပေးထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ ကရင်ပြည်နယ်၊ ဝေါလေဒေသ၊ ဥကရစ်ထစခန်းသိမ်းအောင်ပွဲအတွက် NUGPay ကနေ ၂ ရက်အတွင်း ရရှိခဲ့တဲ့ ငွေကျပ် ၄၆ သိန်းကျော်ကို  ကော်ဘရာစစ်ကြောင်းဆီ ထောက်ပို့ခဲ့တာ တွေ့ရ ပြီး မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကရင်နီပြည်နယ် အမျိုးသားကာကွယ်ရေးတပ် KNDF အတွက် ပြည်သူတွေအနေနဲ့ NUGPay ကတဆင့် ထောက်ပံ့လှူဒါန်းနိုင်ဖို့ ဖိတ်ခေါ်ထားတာကိုလည်း တွေ့ရပါတယ်။

1 min Ago
Up