အယ်လ်ဂျီးရီးယားနိုင်ငံ၊ မြို့တော်ရဲ့ အရှေ့ဘက်က ခါဘီလေးတောင်တန်းဒေသ နေရာအများအပြားမှာ လောင်ခဲ့တဲ့ တောမီးတွေကြောင့် သြဂုတ် ၁၀ ရက်က မီးငြှိမ်းသတ်ရေး ကူညီဖို့ တပ်ချထားတဲ့ စစ်သည် ၂၅ ယောက်အပါအဝင် လူ ၄၂ ယောက် သေဆုံးတယ်လို့ အစိုးရက ပြောပါတယ်။
တောင်တန်းဒေသတလွှားမှာတော့ မီးခိုးတိမ်တိုက်ထူထူတွေ ဖုံးအုပ်နေပြီး ဒါဇင်ချီတဲ့ တောမီးတွေ အယ်လ်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်းတလွှားမှာ တနင်္လာညကစပြီး လောင်ကျွမ်းခဲ့တာပါ။
မီးရှို့သူတွေကြောင့် လောင်တာလို့ ပြည်ထဲရေးဝန်ကြီးက စွပ်စွဲပေမဲ့ စွဲချက်အတွက် အသေးစိတ် အချက်အလက်တွေကိုတော့ မပြောခဲ့ပါဘူး။
နေရာအတော်များများမှာ လောင်နေတဲ့ တောမီး အခု ၅၀ လောက်ရဲ့ နောက်ကွယ်မှာ မီးရှို့သူ ရာဇဝတ်သားတွေပဲ ရှိတယ်လို့ သူက ပြောပါတယ်။
အပူလှိုင်းကြောင့် တူရကီနဲ့ ဂရိမှာ တောမီးတွေ အကြီးအကျယ် လောင်ကျွမ်းနေလို့ မြေထဲပင်လယ်ဒေသဟာ တောမီးလောင်ကျွမ်းရာဒေသ ဖြစ်လာနေပြီလို့ ဥရောပသမဂ္ဂ လေထု စောင့်ကြည့်ရေးအဖွဲ့က အရင်အပတ်က ပြောပါတယ်။
စစ်သည်အများအပြား ဆိုးဆိုးရွားရွား ဒဏ်ရာရခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
အိမ်အတော်များများလည်း မီးလောင်ခဲ့ပြီး ဟိုတယ်တွေ၊ လူငယ်ဂေဟာတွေနဲ့ တက္ကသိုလ်နေအိမ်တွေက မိသားစုတွေ ထွက်ပြေးလွတ်မြောက်ခဲ့တယ်။
မီးသတ်သမားတွေနဲ့ စစ်တပ်က မီးတောက်ကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေဆဲဖြစ်ပြီး ထူထပ်တဲ့ မီးခိုးတွေကြောင့် မီးသတ်သမားတွေရဲ့ မြင်နိုင်စွမ်းကို နှောင့်ယှက်ခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
ထိပ်တန်း ဦးစားပေးက အသေအပျောက်တွေကို ရှောင်နိုင်ဖို့ဖြစ်ပြီး ထိခိုက်ခဲ့သူတွေကိုလည်း လျော်ကြေးပေးမယ်လို့ ဝန်ကြီးချုပ်က ကတိပြုပါတယ်။
နိုင်ငံတွင်း ပြည်နယ် ၁၆ ခုထက်မနည်းမှာ တနင်္လာညကစပြီး အသေးစား မီးလောင်ကျွမ်းမှုတွေ ဖြစ်နေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
အယ်လ်ဂျီးရီးယားနိုင်ငံမှာ ရုရှားထုတ် စပွန်းနစ်-၅ ကိုဗစ်ကာကွယ်ဆေး ပထမအသုတ်ကို ရရှိပြီး ဇန်နဝါရီ ၃၀ ရက်မှာ နိုင်ငံတဝန်း ကာကွယ်ဆေးထိုးနှံပွဲ စတင်ခဲ့ပါတယ်။
ကျန်းမာရေးဝန်ထမ်း၊ သက်ကြီးရွယ်အိုနဲ့ နာတာရှည်ရောဂါအခံရှိသူတွေကို အရင်ဆုံး ထိုးနှံပေးသွားမှာဖြစ်ပြီး အဲဒီနောက်မှာတော့ နိုင်ငံသားတွေကို တဖြည်းဖြည်း ထိုးနှံပေးသွားမယ်လို့ နိုင်ငံပိုင် မီဒီယာက ကြေညာပါတယ်။
မြို့တော် အယ်ဂျီရာရဲ့ အနောက်တောင်ပိုင်း ၄၅ ကီလိုမီတာရှိ ဘီဒါမြို့ဆေးရုံမှာ ကာကွယ်ဆေး ထိုးနှံပေးခဲ့တာပါ။
ပြီးခဲ့တဲ့နှစ်မတ်လ ကိုဗစ်-၁၉ ကပ်ရောဂါ စဖြစ်ချိန်က ဘီဒါမြို့ဟာ ရောဂါဖြစ်ပွားတဲ့ ဗဟိုချက်မ ဖြစ်ခဲ့ပါတယ်။
ဇန်နဝါရီ ၂၉ ရက်က အယ်လ်ဂျီးရီးယားဟာ ရုရှားထုတ် ကိုဗစ်ကာကွယ်ဆေး ၅ သောင်း ရရှိခဲ့ပြီး လာမယ့်ရက်တွေမှာ နောက်ထပ် ရောက်ရှိလာမယ်လို့ အယ်ဂျီးရီးယား သိပ္ပံကော်မတီ အကြီးအကဲက ပြောပါတယ်။
ရုရှားထုတ် စပွန်းနစ်-၅ ကာကွယ်ဆေးဟာ နှစ်ကြိမ်ထိုးကာကွယ်ဆေးဖြစ်ပြိး တစ်လုံးကို အမေရိကန် ၁၀ ဒေါ်လာအောက်သာ ကျသင့်တယ်လို့ စပွန်းနစ်-၅ ကုမ္ပဏီရဲ့ တရားဝင် တွစ်တာအကောင့်မှာ ဖော်ပြထားပါတယ်။