close

အရပ်ဘက်ယာဉ်တန်း

close

September 30, 2022

ဇာပိုရစ်ချ်ဇီယာမြို့တွင် အရပ်ဘက်ယာဉ်တန်းကို ရုရှား ဒုံးကျည်ဖြင့်ပစ်ခတ်၊ ၂၃ ဦးသေဆုံး

ယူကရိန်းတောင်ပိုင်း ဇာပိုရစ်ချ်ဇီယာမြို့ ဆင်ခြေဖုံးမှာ အရပ်ဘက်ယာဉ်တန်းကို ရုရှားဒုံးကျည်နဲ့ ပစ်ခတ်ခဲ့လို့ အနည်းဆုံး လူ ၂၃ ယောက် သေဆုံးပြီး ၂၈ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

အားလုံး အရပ်သားတွေချည်းပဲလို့ ဇာပိုရစ်ချ်ဇီယာဒေသ အုပ်ချုပ်ရေးမှူး အိုလက်ခ်ဆန်းဒါး စတားရု(က်) က တယ်လီဂရမ်မှာ ရေးသားထားပါတယ်။

ရိုက်တာမျက်မြင်သက်သေ‌တယောက်ကတော့ မြို့တော်ရဲ့ ကျယ်ပြောလှတဲ့ အော်ရ်ခို့ဗို ကားစျေးကွက်နေရာမှာ ရုပ်အလောင်းတွေဟာ မြေပြင်ပေါ်မှာ လဲကျနေတာ‌တွေနဲ့ ကားပေါ်တွေမှာ ရှိနေတာကို တွေ့ခဲ့ရပါတယ်။

ဒုံးကျည်တစင်းကြောင့် ယာဉ်လမ်းကြော ၂ ခုနားက မြေပြင်မှာ တွင်းချိုင့်ကြီး ဖြစ်သွားပါတယ်။ ရဲတွေနဲ့ အရေးပေါ်ဝန်ထမ်းတွေဟာ ဒုံးကျည်ပစ်ခတ်မှု ဖြစ်ပွားရာကို အလျင်အမြန် ရောက်ရှိလာခဲ့ပါတယ်။

မော်တော်ယာဥ်တွေမှာ ခရီးသည်တွေရဲ့ ပစ္စည်းတွေ၊ စောင်တွေ၊ ခရီးဆောင်အိတ်တွေနဲ့ ပြည့်ကျပ်နေပါတယ်။

အထူးစစ်ဆင်ရေးဆိုပြီး ဖေဖော်ဝါရီ ၂၄ ရက်က ယူကရိန်းကို ကျူးကျော်ဝင်ရောက်ခဲ့တဲ့ ရုရှားက အရပ်သားတွေကို တမင်ပစ်မှတ်ထား တိုက်ခိုက်တယ်လို့ ပြောဆိုချက်တွေကို ငြင်းဆိုထားပါတယ်။

6 hours Ago
Up