အကြမ်းဖက်စစ်အုပ်စုဟာ ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးဆွေးနွေးဖက်အဖြစ် မထိုက်တန်တာကြောင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေအနေနဲ့ စစ်ကောင်စီရဲ့ ဆွေးနွေးပွဲတွေကို ဘယ်လိုနည်းနဲ့မှမတက်ကြဖို့ အရပ်ဘက်အဖွဲ့အစည်း ၆၀၀ လောက်က ဒီနေ့ တောင်းဆိုလိုက်ပါတယ်။
စစ်အုပ်စုက ဦးဆောင်ပြုလုပ်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲဆိုတာဟာ သူတို့ရဲ့ နိုင်ငံရေး၊ စစ်ရေးနဲ့ စီးပွားရေး အကျပ်အတည်းက ထွက်ပေါက်ရှာဖို့အတွက် ကြားခံအသုံးချတဲ့ အတုအယောင်ဆွေးနွေးပွဲပဲဖြစ်သလို စစ်အုပ်စုဟာလည်း နိုင်ငံတွင်းမှာရော နိုင်ငံတကာမှာပါ လုံးဝ တရားမဝင်တဲ့ အကြမ်းဖက်အဖွဲ့အစည်းပဲဖြစ်တယ်လို့ သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ပြောဆိုပါတယ်။
စစ်အုပ်စုဟာ ပြည်သူတွေတင်ထားတဲ့ အစိုးရကိုဖမ်းဆီးခဲ့သလို ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ပြီး အာဏာသိမ်းဖို့ ကြိုးစားတဲ့ အကြမ်းဖက်အဖွဲ့အစည်းဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးတော့ ဒီမိုကရေစီလမ်းစဉ်အရ ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြကြတဲ့ ပြည်သူတွေကို ရက်ရက်စက်စက် ဖမ်းဆီး နှိပ်စက်သတ်ဖြတ်နေတဲ့ စစ်အုပ်စုဟာ ပြည်တွင်းဥပဒေတွေအရရော နိုင်ငံတကာ သတ်မှတ်ချက်တွေအရပါ အကြမ်းဖက်အဖွဲ့အစည်းဖြစ်တယ်လို့လည်း ဆိုပါတယ်။
ပြီးတော့ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို နေ့စဉ် ကျူးလွန်နေတဲ့အဖွဲ့အစည်းဖြစ်ပြီး အာဆီယံဦးဆောင် သဘောတူထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ထားသလို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အစိုးရတွေ၊ အဖွဲ့အစည်းတွေရဲ့ အသိအမှတ်ပြုတာကိုလည်း မရတဲ့အဖွဲ့ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အာဆီယံထိပ်သီးညီလာခံတွေနဲ့ ဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ တက်ရောက်ခွင့်မရဘဲ ဖယ်ကြဉ်ခံထားရပြီး ပိုအားကောင်းလာတဲ့ ပြည်သူလူထုရဲ့ ခုခံတွန်းလှန်မှုကို အန်မတုနိုင်တော့တဲ့ အခြေအနေမှာ ပြည်သူနဲ့ အာဆီယံပါအဝင် နိုင်ငံတကာကို လှည့်စားဖို့အတွက် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေကို အသုံးချပြီး အတုအယောင်ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဟန်ပြလုပ်နေတာပဲဖြစ်တယ်လို့လည်း အရပ်ဘက်အဖွဲ့အစည်းတွေက ထုတ်ပြန် ပြောဆိုထားပါတယ်။
ဒီဆွေးနွေးပွဲတွေဟာ နွေဦးတော်လှန်ရေးအင်အားစုတွေ၊ ပြည်သူတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေအကြား ခွဲထုတ်ဖြိုခွင်းဖို့ ရည်ရွယ်ချက်သက်သက်နဲ့ လုပ်နေတာလို့လည်း ဆိုပါတယ်။
ဒီဆွေးနွေးပွဲတွေကို တက်ရောက်မယ်ဆိုရင် အကြမ်းဖက်စစ်အုပ်စုကို တရားဝင်သယောင် ဖြစ်စေသလို တကယ့်ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ထောင်းရေး ပိုပြီး ကြန့်ကြာစေမယ်လို့လည်း ဆိုပါတယ်။ အဆိုးဆုံးကတော့ အကြမ်းဖက်စစ်အုပ်စုက လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ဆက်ကျူးလွန်ဖို့ အားပေးသလို ဖြစ်စေမယ်လို့လည်း ထောက်ပြထားပါတယ်။
ဒီလိုအကြောင်းတွေကြောင့် အကြမ်းဖက်စစ်အုပ်စုဟာ ငြိမ်းချမ်းရေးအတွက် နိုင်ငံရေး ဆွေးနွေးဖက်အဖြစ် မထိုက်တန်ဘဲ သူတို့ကို မြန်မာ့နိုင်ငံရေးလောကကနေ အပြီးတိုင် ဖယ်ရှားပစ်ဖို့လိုတယ်လို့လည်း ဆိုပါတယ်။
ဒါကြောင့် ဒီမိုကရေစီအရေး၊ ဖက်ဒရယ်အရေးနဲ့ ငြိမ်းချမ်းရေးအတွက် ဂုဏ်သိက္ခာရှိရှိနဲ့ ကာလရှည်ကြာရပ်တည်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေအနေနဲ့ အကြမ်းဖက်စစ်အုပ်စုက ဖိတ်ခေါ်တဲ့ ဆွေးနွေးပွဲတွေကို လူသိရှင်ကြားဖြစ်ဖြစ်၊ လျှို့ဝှက်ပြီးတော့ဖြစ်ဖြစ် မတက်ရောက်ဘဲ ပြည်သူတွေနဲ့အတူ ပူးပေါင်းတိုက်ပွဲဝင်ကြဖို့ အရပ်ဘက်အဖွဲ့အစည်းတွေက တိုက်တွန်း တောင်းဆိုထားပါတယ်။
မြန်မာနိုင်ငံနဲ့ပတ်သက်လာရင် မထိရောက်တဲ့ ကုလသမဂ္ဂအထူးသံတမန်ရဲ့ လုပ်ပိုင်ခွင့် အာဏာကို ပြန်ရုပ်သိမ်းဖို့ အရပ်ဘက်အဖွဲ့အစည်း ၉၀၀ လောက်က ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
ကုလသမဂ္ဂအထွေထွေညီလာခံအနေနဲ့ မြန်မာနိုင်ငံရဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းကို ဖြေရှင်းဖို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ကိုယ်တိုင် မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အခန်းကဏ္ဍတခု တာဝန်ယူပြီး တိကျပြတ်သားတဲ့ အရေးယူဆောင်ရွက်တာတွေ လုပ်ဖို့လည်း တောင်းဆိုလိုက်ပါတယ်။
ဩဂုတ် ၁၆ ကနေ ၁၇ ရက်နေ့ထိ မြန်မာနိုင်ငံကို လာသွားတဲ့ လက်ရှိ ကုလသမဂ္ဂ အထူးသံတမန် မစ္စနိုလင်းဟေဇာရဲ့ ပထမဦးဆုံးခရီးစဉ်ဟာ မထိရောက်တဲ့ ချဉ်းကပ်မှု သမိုင်းအစဉ်အလာနဲ့ ဆက်လက်ကျရှုံးနေတာကို ဖော်ပြတဲ့ နောက်ဆုံးဥပမာဖြစ်တယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂရဲ့ အထူးသံတမန်တွေကတဆင့် မြန်မာစစ်တပ်နဲ့ ငြိမ်းချမ်းရေးအကျိုး ဆောင်ရွက်ဖို့ ကြိုးပမ်းတာတွေဟာ အဓိပ္ပာယ်ရှိတဲ့ရလဒ်တွေ ဘယ်တုန်းကမှ မရခဲ့တဲ့အပြင် နိုင်ငံတကာ ရာဇဝတ်မှုတွေ ချိုးဖောက်ကျူးလွန်နေသူတွေကို တရားဝင်မှုပေးရာရောက်နေပြီး လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကျပ်အတည်းတွေကို ပိုဆိုးစေတယ်လို့လည်း ဝေဖန်ထားပါတယ်။
အခုလို တွေ့ဆုံဆွေးနွေးတာတွေကြောင့် စစ်အုပ်စုဟာ ပြည်သူတွေအပေါ် ပိုပြီး ရက်စက်ကြမ်းကြုတ် အတင့်ရဲလာနိုင်စေပြီး လက်ရှိ မြန်မာပြည်သူတွေရဲ့ ညီညွတ်တဲ့ ရုန်းကန်တိုက်ပွဲဝင်တာကို ထိခိုက်စေတာကြောင့် ကုလသမဂ္ဂရဲ့ “မည်သူမျှ ထိခိုက်နစ်နာမှု မရှိစေရ” ဆိုတဲ့မူကို ဖောက်ဖျက်ရာရောက်တယ်လို့လည်း ဆိုပါတယ်။
ဒါကြောင့် ၂၀၂၂ ခုနှစ် စက်တင်ဘာမှာ ပြုလုပ်မယ့် ကုလသမဂ္ဂအထွေထွေညီလာခံမှာ UNGA နဲ့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ကုလသမဂ္ဂ အထူးသံတမန်ရဲ့ လုပ်ပိုင်ခွင့်အာဏာကို ရပ်တန့်ဖို့ တောင်းဆိုထားပါတယ်။
လက်ရှိဖြစ်နေတဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့ သက်ဆိုင်သူတွေအားလုံးပါဝင်တဲ့ လုပ်ငန်းစဉ်တခု ဖော်ဆောင်ရေးကို ကုလသမဂ္ဂအထူးသံတမန်က ကတိကဝတ်ပြုထားပေမယ့် သူ့ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို မဖော်ပြထားတဲ့အပေါ် အင်မတန် စိတ်ပျက်မိတယ်လို့လည်း အရပ်ဘက်အဖွဲ့တွေက ဆိုပါတယ်။
စစ်ကောင်စီက ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး လျော့နည်းသွားအောင် အပြစ်ပေး အရေးယူတာမျိုးတွေမရှိဘဲ အချိန်ပေး စောင့်ကြည့်မယ်ဆိုတဲ့ မူအတိုင်း သွားနေတာဟာ စစ်အုပ်စုက ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကို ဆက်လက်ကျူးလွန်လုပ်ဆောင်နိုင်စေဖို့ ကုလသမဂ္ဂက လိုလိုလားလား လုပ်ခွင့်ပြုထားတာ ဖြစ်တယ်လို့လည်း သုံးသပ်ထားပါတယ်။
စစ်အုပ်စုနဲ့ ဆက်သွယ်ဆွေးနွေးတာတွေ ရပ်တန့်ပြီး လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေအတွက် ပြစ်ဒဏ်ပေး အရေးယူရမှာဖြစ်သလို တချိန်တည်းမှာပဲ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာနိုင်ငံရဲ့ အခြေအနေကို နိုင်ငံတကာ ရာဇဝတ်ခုံရုံးဆီကို လွှဲပြောင်းပေးတာ ဒါမှမဟုတ် အထူးခုံရုံးတခုဖွဲ့စည်းပြီး တာဝန်ယူမှု တာဝန်ခံမှု ရှိလာစေရေး လုပ်ရမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။