close

အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်မှု

close

December 31, 2021

အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုကို လက်ခံနိုင်စရာမရှိဟု အီးယူ ပြော

ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာ လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်သားတွေနဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရတာဟာ လူ့အခွင့်အရေးနဲ့ နိုင်ငံတကာ ဥပဒေတွေကိုပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တာဖြစ်တဲ့အတွက်  လက်ခံနိုင်စရာမရှိဘူးလို့  ဥရောပသမဂ္ဂ  (အီးယူ)ရဲ့ နိုင်ငံခြားရေးရာဌာန၊ အဆင့်မြင့် ကိုယ်စားလှယ် ဂျိုးဆက် ဘောရဲလ်က ဒီဇင်ဘာ ၃၀ ရက်က ကြေညာချက်ထုတ်ပြန်ပြောလိုက်ပါတယ်။

ဒီဇင်ဘာ ၂၄ရက်နေ့က ကယားပြည်နယ်မှာ စစ်ကောင်စီတပ်တွေက လူသားချင်း စာနာမှု အကူအညီပေးရေး လုပ်သားတွေ၊ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် လူ ၃၅ ဦးကို သတ်ဖြတ်ပြီး မီးရှို့ခဲ့တဲ့ ဖြစ်ရပ်နဲ့ပတ်သက်လို့ ကျူးလွန်သူတွေကို တာဝန်ခံမှု ရှိအောင် လုပ်ဖို့ အရေးတကြီး လိုအပ်နေတာကို ပြသနေတယ်လို့ ဂျိုးဆက် ဘောရဲလ်က ပြောပါတယ်။ 

အီးယူဟာ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ရက် စစ်တပ်က အာဏာသိမ်းပြီး ကတည်းက စစ်ခေါင်းဆောင်တွေနဲ့ စစ်တပ်ပိုင် လုပ်ငန်းတွေကို ပစ်မှတ်ထားပြီး ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခဲ့တဲ့အကြောင်း၊ အာဏာသိမ်း စစ်ကောင်စီကို တရားဝင်ဖြစ်မှု မရစေဖို့အတွက် အီးယူက မြန်မာအစိုးရကို ပေးနေတဲ့ အကူအညီတွေကိုလည်း ရပ်ဆိုင်းခဲ့တဲ့အကြောင်းနဲ့ စစ်ကောင်စီအပေါ် ထပ်ပြီးတော့လည်း အရေးယူ ပိတ်ဆို့မှုတွေ ချမှတ်သွားမှာဖြစ်တဲ့အကြောင်း ကြေညာချက်မှာ ပါရှိပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေကို ရပ်တန့်နိုင်ဖို့ မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှုပိတ်ပင်တာ အပါအဝင် တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ အရေးယူဆောင်ရွက်ဖို့ လိုအပ်နေတယ်လို့လည်း အီးယူ အဆင့်မြင့် ကိုယ်စားလှယ်က ပြောပါတယ်။

Photo- EU

42 seconds Ago
Up