ယူကရိန်းမှာ အကြီးစား အရပ်သားတိုက်ခိုက်မှု ခံရတယ်ဆိုရင် တောင်ကိုရီးယားက လူသားချင်းစာနာမှု အကူအညီနဲ့ စီးပွားရေးအကူအညီတွေထက် ကျော်လွန်ပြီး ယူကရိန်းကို ထောက်ပံ့မှုတွေ ပိုတိုးချဲ့ပေးသွားမယ်လို့ သမ္မတ ယွန်းဆွတ်ခ်ယိုးက ဧပြီ ၁၈ ရက်မှာ ပြောလိုက်ပါတယ်။
“အရပ်သားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဒါမှမဟုတ် စစ်ဥပဒေတွေကို ပြင်းပြင်းထန်ထန် ချိုးဖောက်တာမျိုး၊ နိုင်ငံတကာ အသိုက်အဝန်းက ခွင့်မပြုနိုင်တဲ့ အခြေအနေတွေ ရှိလာခဲ့ရင် လူသားချင်းစာနာထောက်ထားမှု သို့မဟုတ် ငွေကြေးထောက်ပံ့မှုလောက်ပဲ လုပ်ပေးဖို့ဆိုတာ တောင်ကိုရီးယားအတွက် ခက်ခဲလိမ့်မယ်” လို့ သမ္မတ ယွန်းက ရိုက်တာသတင်းထောက်တွေကို ပြောပါတယ်။ ဒါပေမဲ့ ကင်မရာနဲ့ တီဗီအင်တာဗျူးကိုတော့ ခွင့်မပြုခဲ့ပါဘူး။
ဒါဟာ ယူကရိန်းကို လက်နက်တွေပေးအပ်ဖို့ ဆန္ဒရှိကြောင်း ဆိုးလ်က ပထမဆုံးအကြိမ် အကြံပြုခဲ့တာဖြစ်ပြီး ယူကရိန်းကို လူသေစေနိုင်တဲ့ ထောက်ပံ့မှုတွေကို ကန့်ကွက်ပယ်ချထားတဲ့ သူ့ရပ်တည်ချက် အပြောင်းအလဲကို တနှစ်ကျော်အကြာမှာပဲ ပထမဆုံးအကြိမ် အချက်ပြလိုက်တာလည်း ဖြစ်ပါတယ်။
၁၉၅၀-၅၃ ခုနှစ်တွေက ကိုရီးယားစစ်ပွဲအတွင်း တောင်ကိုရီးယားဟာ နိုင်ငံတကာ အကူအညီတွေကို ရရှိခဲ့သလိုမျိုး သူ့အစိုးရကလည်း ယူကရိန်းကို ကာကွယ်ရေးနဲ့ ပြန်လည်တည်ဆောက်ရေးပိုင်းမှာ ဘယ်လိုကူညီပေးရမလဲလို့ စူးစမ်းရှာဖွေနေတယ်လို့ သမ္မတယွန်းဟာ သူ့ရဲ့ အမေရိကန်ခရီးစဉ်မတိုင်ခင် ရိုက်တာနဲ့အင်တာဗျူးမှာ ပြောဆိုပါတယ်။
သမ္မတယွန်းဟာ အမေရိကန်-တောင်ကိုရီးယား ၂ နိုင်ငံ မဟာမိတ်ဖွဲ့ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ်အဖြစ် လာမယ့်သီတင်းပတ်မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ထိပ်သီးဆွေးနွေးပွဲအတွက် ဝါရှင်တန်ကို သွားရောက်ဖို့ စီစဉ်ထားပါတယ်။